.
လရောင်၏ သိင်္ဂါရရသမှ တစ်ဆင့်
**********************
မေရေ
အိပ်ရေးပျက်ညတွေမှာ
လရောင်ရဲ့ဂီတသံစဉ်တွေကို
ငါ ကျိုချက်ခဲ့တယ်
နူးညံ့ခြင်း သိင်္ဂါရရသနဲ့
လရောင်ဟာ အေးစက်လွန်းတယ်
စိတ်ကောက်နေတဲ့ မေရဲ့
မှုန်ကုပ်ကုပ် မျက်ဝန်းတွေနဲ့
တူလေမလားပဲ။
စောင့်မျှော်ရတာ
ကြာလှပေါ့
ဘဝလမ်းကလေးမှာ
စမ်းချောင်းကလေး
စီးနေတာ တစ်ခါတလေ
တွေ့ချင်မိ။
မေရဲ့အနာဂတ်အတွက်
မဝံ့မရဲ ရင်ဆိုင်ချင်ပေမဲ့
ရှေ့ဆက်မယ့် ခြေလှမ်းများဟာ
တုန့်ခနဲ ရပ် ရပ် သွားတယ်
ဒါဟာ သတ္တိမရှိခြင်းလို့ ခေါ်မလား။
"မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
ဟို့ အဝေးမှ
နုထွေးရွယ်လူး
ငါ့ချစ်ဦး" တဲ့။
မောင်လေးအောင် ရေးခဲ့တယ်။
သည်တော့ မေရယ်
" မည်သို့ပင် ဖြစ်စေ
ချစ်နေသေးသည်
ဟို့အဝေးမှ
မျက်ရည်တေးဖွဲ့
ချစ်သူနွဲ့"လို့
ကိုယ်လည်း ရေးဖွဲ့လိုက်မှာပေါ့။
မည်သို့ပင် ဖြစ်စေ
မေရဲ့ အနာဂတ်လမ်းကလေးမှာ
သစ်ရွက်ကြွေကလေးတစ်ရွက်
ဖြစ်ခွင့်ရရင်ပဲ
ကျေနပ်ပါပြီ မေ။
မောင်လှနွယ် (၇၊ ၂၊ ၁၈)