Saturday, July 29, 2017

နေပျော်ရခြင်းအကြောင်းတွေကို သံသရာမှာ                                မင်းနာမည်နဲ့ ချည်ထားဖြစ်ခဲ့တယ်

" နေပျော်ရခြင်းအကြောင်းတွေကို သံသရာမှာ
                               မင်းနာမည်နဲ့ ချည်ထားဖြစ်ခဲ့တယ် ။ "

        လမ်းခွဲရမယ့်နေ့ရက်တွေကို တွေးဖြစ်ရင်  ဆုံဆည်းရတဲ့နေ့ရက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်သိမ်းဆည်းဖြစ်လာတယ်။ မွေးဖွားလာစထဲက မင်းရှိခဲ့တာမှ မဟုတ်တာ လို့ စိတ်ပြေပျောက်အောင်တွေးပြန်တော့ မင်းရှိဖူးတဲ့အချိန်တွေကလည်း လူတစ်ယောက်ရဲ့ စာမျက်နှာမှာ အရေးပါတဲ့ အကြောင်းတရားတွေ ဖြစ်ခဲ့တာပါပဲ ။

           မင်းဓာတ်ပုံတွေကို ဖုန်းထဲက သီးသန့် ဓာတ်ပုံပြခန်းလေး တစ်ခုထဲမှာ သိမ်းဆည်းထားဖြစ်တယ်။ သတိရတဲ့အခါ မီးအစိမ်းရောင်လေးကို သွားကြည့်တယ် ။ ဒီလောက်ပါပဲ ။ အဆင်ပြေသလို ကိုယ်ကြိုးစားရှင်သန်ပါတယ်။ မျှော်လင့်ချက်တွေကို ချောင်တစ်နေရာမှာ ပစ်ချထားပြီးတဲ့နောက်မှာ လက်လှမ်းမမီတော့တဲ့ အရာတွေကို ပြုံးပြီး ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့ခြင်းတွေကိုလည်း လက်ခံလိုက်တယ်။

             စိတ်ချင်းနီးနေတာပဲ လို့ အတင်းစေ့ပိတ်ချင်စိတ်နဲ့  လက်တွေဟာ တွန်းအားသဘောရှိတဲ့ သံလိုက် အကျိုးနှစ်ခုကို အတင်းဖိပြီးစေ့ကြည့်နေမိတယ် ။ တကယ်တော့ မျှခြေ ဆိုတဲ့ သဘောတရားဆိုတာက အပြန်အလှန် ဟန်ချက်ညီနေမှ မဟုတ်လား ။ ကိုယ့် ချစ်ရခြင်းမှာတော့ အဲဒီမျှခြေသဘောတရားတွေကနေ ကင်းလွတ်တယ် ။ ကမ္ဘာ့ဆွဲအားကြောင့်မဟုတ်ဘဲ သူ့အလိုလို  ပြုတ်ကျလာတဲ့ ချစ်ခြင်းမေတ္တာသစ်သီးကို ကိုယ်ကောက်ယူတယ် ။ လွမ်းတယ်ဆိုတာက သိပ်သန့်စင်တဲ့ လေထုပါပဲ ။

          ကိုယ့်ကိုချစ်ရင် မင်းကိုယ်မင်းဂရုစိုက်ပေါ့ ။ ကိုယ့်ကိုလွမ်းရင် မင်းသိပ်ချစ်ရတဲ့သူကို နမ်းပေါ့ ။ ပျော်ရွှင်ရခြင်းအကြောင်းတွေထဲမှာ မင်းရှင်သန်နေတာက ကိုယ့်ဖြစ်တည်ရခြင်းတွေကို ကျေးဇူးပြုနေတာပါပဲ ။

          သံသရာတစ်ထောင့် ဒါမှမဟုတ် အချိုးအကွေ့လေးတစ်ခုမှာ ကိုယ်မင်းကို စောင့်နေမှာပါ ။ ရောက်ရှိလာစေဖို့ မဟုတ်ဘဲ စောင့်မျှော်ရခြင်းသက်သက်က သာ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ခွင့်ပဲဖြစ်တယ် ။ တန်ပြန်သက်ရောက်မှုကို မမျှော်လင့်တဲ့ တတိယနိယာမက ကိုယ်ပဲ ဖြစ်တယ်။ အချိန်တွေ ကုန်လွန်သွားတဲ့အခါ  အမြဲတွဲမထားဖြစ်တဲ့ လက်တစ်စုံက သိပ်ချစ်ရခြင်းတွေ ရှိခဲ့ကြောင်း / ရှိနေကြောင်းကို မင်း သတိတရဖြစ်ပေးရင် .......
ကိုယ့်သံသရာက  ငြိမ်းချမ်းအေးမြခြင်းတွေပဲ အမြဲရှိနေတော့မှာ ။

                                                                         #ခွန်းညိုသွေး

ပန်းဥယျာဉ် ကဗျာများ

ပန်း ဥယျာဉ်ကဗျာများ (၁.  မှ ၃၀ စုစည်းမှု ) photo နဲ့ ပန်း အံကိုက် ထည့်ပေးထားပါတယ်

( ၁.)""  စံပယ် ""

စံပယ်ဖြူ ပွင့်ငုံသေးရယ်က 
ဖြူဖွေးလို့ ချစ်စရာ။
ခက်စိမ်းခြုံ အုပ်အုပ်ကြားမှာဖြင့်
လှုပ်ရှားပွင့်ဖြာ။
အဆူးမပါ
အဖူးမှာ စီရီဆင့်။
မိုးမရောက်ခင်
ဖြိုးမောက်လွင် အစွမ်းပြပါတဲ့
ပန်းလှငယ်ပွင့်။      ။

( ၂.)  "" မြတ်လေး ""

နွမ်စိမ်းခြုံ ဘုံအထက်
အုံမပျက် မာလာ။
သွေးအရောင် စံပယ်နှိုင်းပေမယ့်
ပွင့်ခိုင်း ပုံကွာ။
ရနံ့ကြည်သာ
ပျံ့အီကာ လေတစ်ကြော။
ကြည်ပြုံးဖွယ်
သီကုံးသွယ် စိန္တေမြတ်ကိုတဲ့
လှူကပ်စို့နော။     ။

( ၃.) ""တတိုင်းမွှေး""

အပွင့်ပုံဆန်းပါလို့
ပင်နန်းက ခြုံသာသာ။
နမ်းကြူစဉ် ရနံ့မပေးပါဘု
ပျံ့မွှေးညခါ။
ပန်း သဏ္ဌာန်မှာ
လွှမ်းပြန်တာ ကြက်ဥသို့ ။
အမည်နော်
အလွယ်ခေါ် လူတို့ပြုတယ်
ပန်းကြက်ဥလို့။       ။

( ၄.) ""ဇီဇဝါ ""

ပွင့်ဟန်ကိုကြည့်လျှင်ဖြင့်
တူပါဘိ နှင်းဆီကွယ်။
အရောင်စုံ မရောယှက်ပါပဲ
ဖွေးလျှက်ဖြူတယ်။
ဇီဇဝါမယ်
ကြည်သာဖွယ် မွှေးရနံ့ ။
လန်းကျော်ကာ
နွမ်းရော်မှာ ဝါရည်စွက်ပေမယ့်
မွှေးလျက်သာပျံ့။        ။

( ၅.)  ""ယုဇနပန်း""

ပန်းပွင့်ငယ် ယုဇန ဟာဖြင့်
တုမရ. သူ့ပုံစံ။
ပွင့်ပါလျှင် တစ်ပင်လုံးသာပ
လွင်ဖုံးနေပြန်။
ဖြူဖွေး သဏ္ဌာန်
ယူထွေးရန် ခက်သား။
အစဉ်ပေ
အပင်ခြေ မြေတစ်ကြောမှာဖြင့်
ကြွေလျောခစား။       ။

( ၆.)  ""သဇင် ""

ပန်းဘုရင် တင်စားလေတဲ့
နန်းအဝင် ရွှင်အားပါလို့
ခင်ဖုရားတို့  သုံးတော်ခံ။
တောတောင်လျှို အပင်မြင့်မှာမှ
သွင်တင့်လေပြန်။
မာနမထန်
ခွာချမာန် ငုံ့လျက်သား။
လှမ်းမျှော်ချင်
ပန်းတော်ဝင် သဇင်ခက်ကိုဖြင့်
လူမက် တအား။       ။

( ၇.) ""နှင်းပန်း""

နှင်းပန်းခိုင် ဖြူလွလွကိုဖြင့်
ယူကြလို့ ဘုရားလှူ။
ရနံ့အီ တစ်မျိုးဆန်းပါလို့
တိုးနမ်းကာကြူ။
မြင်ရသူ
သွင်လှတမူ ခိုင်ခိုင်ဖြင့်။
မကြွေလွယ်ပါ
လေသယ်ရာ ရနံ့ပေးကာပ
ပျံ့မွှေးတယ်ရှင့်။         ။

( ၈.) "" ခရေ.""

ပန်းအကြွေ ခရေများရယ်က
လွှမ်းသလေ မြေတစ်လွှားမှာဖြင့်
ခစားလို့ နေရပြန်။
ကောက်ယူငင်  မသီကုံးသော်လည်း
ပွင့်နှုံးမှန်မှန်။
စင်္ကြာဟန်
သက်လာစံ မြေပြင်ကြား။
ပန်းကြည်သာ
နွမ်းရီကာ ညှိုးခြောက်ပေမယ့်
ကြိုင်လှောက် နေသား။    ။

( ၉.) ""ဂေါ်သဇင် ""

ဂေါ်သဇင် သည်ပန်း ရယ်က
တော်မဝင် အပီလွှမ်းပါရဲ့
အေးချမ်းတဲ့ ခါရာသီ။
ထွေးနွယ်လိမ် ခြံစည်းရိုးမှာဖြင့်
ကြီးစိုးဝေစီ၊၊
အဖြူမပီ
ရောင်စုံညီ မရောစွက်။
ပွင့်လာချိန်
သင့်ရာနှိမ် ယူလို့ခူးကာပ
ကြိုင်ထူးဝေလျက်။      ။

( ၁၀.) ""ဆိပ်ဖလူးပန်း ""

ပွင့်အခြေ နီဝါလွှမ်းကာပ
ပန်းကလေး သူ့နာမည်။
ပန်းစင်္ကြာ အသွင်းထူးလေတဲ့
ဆိပ်ဖလူး သည်။
ကြွေရှာပြီ
မြေလွှာဆီ အလှဆင့်။
ငြိုးဖွဲ့စေ
မိုးနဲ့လေ အထဲမှာဖြင့်
ပွင့်ရဲ ကြွေလွင့် ။     ။

( ၁၁.)  ကံကော်ပန်း

ပန်း ကံ့ကော် ဖြုဖြူဖွေး  ရယ်နှင့်
လွှမ်းပျံ့မော် ကြူ ကြူမွှေးပါဘိ
ဝတ်ဆံသွေး ဝါရွှေစင်။
အရွက်ချွန် လေပြည်သွဲ့ပြန်တော့
ယိမ်းနွဲ့သံလွင်။
ကျောင်းနိမိတ်ထင်
သစ်လွင်တဲ့ ဒီပန်း။
မိုးလေထန်
တိုးဝေအမှန်  အပူပြင်းစေကွဲ့
ကြိုင်သင်းဖြာလန်း။   ။

( ၁၂.)  ""ဇွန်ပန်း ""

ဇွန်ဇူလိုင် မိုးသည်းထဲမှာဖြင့်
အလွန်ကြူလှိုင်  တိုးခဲပါလို့
ပုလဲပွင့် ဇွန်ငယ်ငယ်။
အရောင်မခြယ်  အတည်ဖွေးကာပ
အနှောင်တွယ် ခြည်ကလေးရယ်နှင့်
သီထွေးကာ ကွယ်။
စိန္တေမယ်
နှိမ်ခြွေတယ် ကပ်လှူဒါန်း။
ပွင့်ပိုလျှင်
သင့်သလိုပင် ပန်ဆင်သပါလို့
ဆင့် နဂိုယဉ် ဟန်ပင်ကျလေတဲ့
လှလွန်းသည့်ပန်း။       ။

( ၁၃ )  ကုမုဒြာကြာ

လရောင်ခြည် မျှော်မှန်းရပါလို့
ညမှောင်ရီ ပေါ်လန်းကြလေတဲ့
ပန်းအလှ  ကုမုဒြာ။
ဝင့်ပုံမှာ မတူခြားပေလို့
ပွင့်ငုံအာ အဖြူသားတွေနဲ့
ကြူအားနိုင်တာ။
နေ့အခါ
မေ့မှာသာ မပွင့်ရဲ။
ညဘက်ခါ
လထွက်လာ ငွေရောင်ဖွေးပါမှ
မြရွှက်ဖြာ ကြွေရောင်သွေးတွေနဲ့
မွှေးလန်းအမြဲ ။       ။

( ၁၄) သရဖီ

ချိန်ရာသီ နွေလဆန်းမှာဖြင့်
ထိန်ဖြာကြည် ဝေကြပန်းမှာတော့
မွှေးလန်းတဲ့ သရဖီ။
ပွင့်လွှာငယ် ဖြူဖြူဖွေးပါလို့
ကြူမွှေးဝေစီ။
ခူးကာ တစ်လီ
ဦးစွာသီ လှူဒါန်းဖို့။
သူ့ရာသီ သင့်လေမှ
ပွင့်ဝေကြ မာလာငယ်
ဖြာဖြာကြွယ် ချိန်အခိုက်မှာဖြင့်
ပန်လိုက်ပါစို့။         ။

( ၁၅.)  စွယ်တော်ပန်း

တစ်ရွက်မှာ နှစ်လွှာဆင့်ပါလို့
တစ်သက်တာ အကြာတင့်လေရဲ့
ပမာချင့် ချစ်သူတွေ။
ပွင့်အရောင် အဖြူသားရယ်နဲ့
လှအားပါပေ။
စွယ်တော်လေ
ကြွယ်မော်နေ ပင်ထက်ဖျား။
ဘုရားမတင်
တအားပင် ပွင့်ကာလန်းပါလို့
လွင့်ရှာလှမ်း မြေပြင်လွှာ
ကြွေစဉ်ခါ ဖွေးဖွေးလှုပ်ကာဖြင့်
အဟုတ်လှသား။         ။ ။။

( ၁၆.)  ခွါညိုပန်း

မြခွာညို  ပန်းကလေးကိုဖြင့်
လှပါသကို နမ်းမွှေးပြန်လို့
ယူထွေးကြ ဆောင်းအခါ ။

အခက်အညှာ နွယ်လိမ်အုပ်တွေနဲ့
အရွက်ဖြာ ကြွယ်စိန်ဆုပ်နှယ်သို့
ဖွေးလှုပ်ဝတ်လွှာ။

နှင်းသောက်ကာ
သင်းလှောက်တာ ပြိုင်မရ။

ဖွေးပါပြီ
အေးရာသီ နှင်းတွေဝဲပါမှ
မွှေးကာကြည် သင်းလေမြဲပါကွဲ့
စွဲလန်းလေစွ။      ။

( ၁၇.) ချယ်ရီ

နှင်းချယ်ရီ ပန်းအလှကိုဖြင့်
သင်းကြွယ်စီ လှမ်းမရပါဘု
မောနှမ  ပန်းဘုရင်။

ပွင့်ရူပါ  ပန်းရောင်သွေးငယ်နှင့်
ဆင့်ကြူရာ နမ်းတောင်မမွှေးပါဘု
လှရေးချယ်ပင်။

ပင်တိုင်းတွင်
ကိုင်းမမြင် ပွင့်ပုံဆန်း။

နှင်းနဲ့ အပြိုင်
အဆင်းနွဲ့ခိုင် ပန်းကလေးကိုဖြင့်
သင်းတဲ့မကြိုင် နမ်းထွေးချင်ရဲ့
ယူပေးရန်မြန်း။       ။

( ၁၈.) ညမွှေးပန်း

ညအခါ  အလင်းပျောက်လေမှ
အလှဖြာ  သင်းလှောက်ပါလို့
အဆင်းတောက် မာလာ။

ရနံ့အီ တစ်မျိုးဆန်းကာဖြင့်
အနှံ့ဆီ တိုးလွမ်းကာပ
ပွင့်လန်းလေရှာ ။

မဝင့်မဝါ
ပွင့်ကာသာ အလှဆင့်။

အားမငယ်
အများအလယ် အရာမပေးပေမယ့်
ညကလေးဖြင့် လှစေအောင်
စွမ်းဆောင်ကာ ပွင့်နေမြဲပါကွဲ့
ညထဲမှာတင့်။           ။

( ၁၉.)  ဓဝယ်မှိုင်းပန်း

ပန်းနာမည် ဓဝယ်မှိုင်းရယ်လို့
ဆန်းပါသည် နွယ်ရိုင်းတွေနဲ့
ပွင့်တိုင်းလှ မွှေးကြူကြူ။

ပန်းပုံမှာ ဖြူနီရောပါလို့
ဆန်းစုံစွာ ကြူအီနှောလေရဲ့
ပွင့်ပေါ ရွယ်တူ ။

ဘုရားမလှူ
တအားသူ ပွင့်ကာပေး။

များလူတွေ အရေးမလုပ်ပေမယ့်
အသွေးထုတ် ပွင့်မြဲသာ
ဆင့်ကဲဖြာ အခါမဲ့ မှာဖြင့်
လှလွန်းရဲ့လေး။      ။

( ၂၀.) နွယ်သာကီပန်း

နွယ်သာကီ  အပွင့်ဆန်းတွေက
ကြွယ်ကာစီ  စွင့်လန်းပါလို့
ပင်မှန်းကြည့် ခြုံပမာ။

လေသွေးရာ ဘယ်ညာတိမ်းလို့ဖြင့်
ပင်ခြုံစိမ်း အထက်စွန်မယ်
အရွက်ချွန် ဘယ်မရှားပါဘု
များပြားပေတာ။

အရောင်စုံစွာ
အပွင့်ဖြာ လှနေဆဲ။

ရနံ့မလွင်
သန့်စင်စေ လူမကြည့်ပါဘု
အနှံ့တခွင်မြေ  သူရှိပါလို့
လန်း၏ အမြဲ ။      ။

( ၂၁.)  နှမ်းလုံကြိုင်

နှမ်းလုံးကြိုင် ပန်းလေးရယ်က
ခန်းလုံးလှိုင် လွှမ်းမွှေးပါလို့
လေသွေးခိုက် သယ်ယူလာ။

အပွင့်ဟန် အဆုပ်ခဲငယ်နှင့်
အမြင့်စံ အဟုတ် စွဲ ကာပ
ပြန့်ကြဲပွင့်ရှာ။

ပန်မရပါ
ဟန်အလှဖြာ ပန်းမွှေးမွှေး။

ဝါညီထိန်
ရာသီချိန် မရွေးဘဲရယ်နဲ့
မွှေးမြဲပေါ့  ပန်းခြုံတွင်
ဆန်းဂုဏ်အင် ကြိုင်ရှာကြပါလို့
နန်းပုံသွင် ပြိုင်ကာပြလေတဲ့
ပန်းလှကလေး။        ။

( ၂၂.)  ဒေါနပန်း

ခေါ်ကြတယ် ပန်းရယ်လို့
ရော်ရမယ် နွမ်းသည်ထိ
မမြန်းပွင့် မဖူးငုံ။

ပွင့်မပါ အရွက်ခက်ရယ်နဲ့
တင့်ကာသာ အဖက်ဖက်ဆီသို့
မွှေးချက် အီထုံ။

အခက်ကိုင်း မာလာပုံ
နေရာစုံ  ရနံ့လွှမ်း။    ။

မွှေးလှိုက်ကြူ  ဒေါနလေးကိုတော့
ထွေးပိုက်ယူ  သောကဝေးအောင်ဖြင့်
ရေဆေးလို့ ကပ်လှူရန်
မြတ်ရှင်ထံ ဆုရည်တောင်းပါလို့
ကောင်း နိဗ္ဗာန် နန်း။         ။

( ၂၃.)  ဂန္ဓမာပန်း

ဂန္ဓမာ ဆေးစုံပန်းတွေက
အလျံဖြာ ငေးမကုန်လန်းပါရဲ့
လှူဒါန်းကြ အဖုံဖုံ။

ဖြူနီဝါ အသွေးမရမ်းရယ်နှင့်
တူညီညာ မွှေးမကြမ်းပါဘု
လေသွမ်းခိုက်ထုံ။ 

နှောင်သကို
အရောင်စို ရွက်နုစိမ်းတွေနဲ့
မိန်းမောဖွယ့် အလှစုံ
မြအငုံ မပွင့်သေး။ 

ပွင့်ပါပြီ
ဆင့်ကာစီ တစ်ခင်းလုံးသာပ
သင်းမဆုံး ခူးကာယူ
ဦးစွာလှူ စိန္တေမြတ်ကိုဖြင့်
ဆက်ကပ်ဖို့တွေး။        ။

( ၂၄.)  ပဲနွယ်ပန်း

နွယ်သဏ္ဌာန် အရိုးကြားမှာဖြင့်
ကြွယ်အမှန်  တိုးပွားပါလို့
ရွက်များထပ် နှစ်လွှာ။

ဟေမာန်တွင် ချိန်မ်ီပွင့်ပါရဲ့
လေထန်လျှင် စိန်စီဆင့်နှယ်သို့
လွင့်ယိမ်းနေရှာ။

မွှေးလန်းကြူ
ထွေးနမ်းယူ မြင်သူတိုင်းမှာဖြင့်
သွင်မရိုင်း ပုံလိပ်ပြာ
ထုံစွာကွဲ့ လွန်မွှေး။

ပဲပန်းနွယ်
စွဲလန်းဖွယ် အသွင်တင့်ပါလို့
အမြဲတမ်းကွယ် အယဉ်မဆင့်နိုင်ဘု
ပွင့်အခိုက် သုံးဆင်ရန်
ထုံးယဉ်ဟန် ကေသာကြော့တွင်ဖြင့်
ပန်မော့ချင်သေး။    ။

( ၂၅.)  စိန်လည်တုန်

စိန်လည်တုန် ပန်းတစ်မျိုးဟာဖြင့်
လွှမ်းမိုးကြ ဝသန်ခါ။

အဆင်းရောင် မတောက်ပပေမယ့်
အတင်းဆောင် မောက်ကြွအောင်ဖြင့်
လှူရလေတာ။ 

ရနံ့မပါ
အဟန့်မှာ အလွန်သေး။

အပွင့်ဖြိုင်  တစ်ခင်းလုံးသာပ
အဆင့်ခိုင် အတင်းဖုံးပါလို့
ခင်းအဆုံးဖွေး။        ။

ပန်း ဥယျာဉ် ( ၆.) 

( ၂၆.) ပန်း စက္ကူ

ပွင့်ရွက်တူ သဏ္ဌာန်ထူးပါလို့
ဆင့်တက်မူ ဟန်မြူးကာဖြင့်
ပန်မခူး ပန်းစက္ကူ ၊၊

ပန်းဝေဆာ တစ်ပင်လုံးမှာဖြင့်
ဆန်းပေတာ ယဉ်မဆုံးသော်လည်း
မသုံးမွှေးကြူ ။

မမှုပါသည်
သူ့မှာအတည် ရာသီမညှိပါဘဲ
လောက၏ အလှကူ
ပန်းချင်းတူ မျက်နှာမဲ့။

မနမ်းချင်နေ
ပန်းအသွင်လေ ဝေမလျော့ပါပဲ
မြန်းရွှင်ဝေ လေအသော့မှာဖြင့်
ပြုံးမော့မယ်ကွဲ့။      ။

( ၂၇.) ပန်းထိမ်မနိုင်

ရွှေပန်းထိမ် လက်မှိုင်ချပါလို့
သရေမမှိန်  ခက်အခိုင်လှပါတဲ့
လန်းပေစွ ပန်းပါကွယ်။

ဆင်စွယ်ရောင် ပွင့်လွှာကြောတွေနဲ့
မြင်လွယ်အောင် ဖွာကာပြောရန်တော့
မောရပါမယ်။

မိုးရာသီ
ဖြိုးရွာပြီ မိုးပေါက်ထဲမှာမှ
တိုးရောက်မြဲ အပွင့်ကြွယ်
အလွယ်ပင် ခူးလှူဒါန်း။

ပန်းတိမ်မနိုင်
စိန်အခိုင် အလှပန်းမှာဖြင့်
မြနန်းရွက် အပေါ်မှာ
ပျော်ကာသာ ပွင့်ပုံထူးပါဘိ
မြူးကြွတဲ့ပန်း။       ။

( ၂၈.)  ပုဏ္ဏရိတ်ပန်း

ပန်းနာမည် ပုဏ္ဏရိတ် ရယ်လို့
ဆန်းပါသည် ခြုံအထိပ်မှာဖြင့်
ပွင့်စိပ်စိပ် ခက်အခိုင်။

အသွေးစုံ အဆင်ဆန်းကာပ
မုလေးငုံ အသွင်မြန်းလို့ဖြင့်
စီတန်းခြံတိုင်။

ပွင့်ပုံမှာ
ဆင့်ဆုံကာ အဆုပ်ဆုပ်ရယ်နဲ့
လှုပ်လှုပ်ခဲ ပွင့်ဝေလှိုင်
ကြိုင်နံ့ငယ် မမွှေး။   

မမွှေးလည်းလေ
သွေးရဲပေ ပွင့်ကာပြလို့ဖြင့်
လောကထက် အလှဝေ
ကျမကြွေ အချိန်ထိသာပဲ
ကြည့်မဝငေး။    ။

( ၂၉.)  ခေါင်ရမ်းပန်း

အသွေးရောင်ဆန်းပါလို့
အမွှေးမဆောင်ပန်းမှာဖြင့်
ခေါင်ရမ်းလို့ အမည်တွင်။

ပွင့်ပုံမှာ အများအပြားပါပဲ
ဆင့်စုံစွာ ခြားနားပေလို့ 
ပင်ဖြား ထက်လွင်။

ပန်းဂုဏ်ရည်
ဆန်းစုံညီ တကယ်ပွင့်ပေမယ့်
ဘယ်မတင့် ပွဲအဝင်
လွဲဖယ်ချင် လူတွေကြား။ 

ပွင့်မှာလေ
ဆင့်ကာဝေ မမြတ်နိုးသော်လည်း
ထပ်တိုးလျက် ပျော်ရွှင်စွာ
တော်မဝင်တာ မျက်ကွယ်ပါလို့
အံတုပွင့်အား။        ။

( ၃၀.) ဗေဒါ

ဝေဆာတယ် ဗေဒါများရယ်က
ရေဇလာမယ် စေရာသွားပါလို့
မနေနား မတွယ်တာ။

လှိုင်းစေရာ အပေါ်အောက်သာပဲ
ကိုင်းအခြေမှာ မကျော်ထောက်လျင်တော့
ထစ်ခေါက်နားကာ။

ရေဆောင်လျင်
သွေရှောင်ချင် မရှိပဲရယ်နဲ့
ရေထဲက ပန်းပြာပြာ
နမ်းစရာ ရနံ့ကင်း။

ကဗျာမင်းမူ
စာနှင်းသူ အလွန်ပေါပါဘိ
ရေကြောက ဗေဒါခင်
ရေပြာတွင် သူနေမြဲပါကွဲ့
ရေထဲပျော်ရင်း။      ။

နန်းဧ ကရီ