#ငါလွင့်သွားတဲ့တိမ်တွေ
######
ပင်လယ်ဟာ စီးကရက်မီးခိုးငွေ့တွေကိုမှုတ်ထုတ်ခဲ့သလား။
မနေ့ကမဟာတံတိုင်းပေါ်မှာ
ဒီနေ့ကျ တာ့ခ်ျမဟာပေါ်မှာ မတူညီတဲ့အရောင်တွေ။
နေ၀င်ချိန်တွေလှတယ် ။
ငါ့နေ၀င်ချိန်ကကောလှနိုင်မလားတွေးတယ်။
ကဗျာတွေအများကြီးရေးခဲ့ဖူးတာမယုံနိုင်စရာပဲ။
အလွမ်းဟာ အိမ်မြှောင်လိုအယောင်ဆောင်ပြီး နံရံပေါ်မှာစုတ်ထိုးနေတယ်။
မနက်ဖြန်မနက်တော့ မုတ်ဆိတ်ရိပ်ဖြစ်အောင်ရိပ်မယ်။
အတတ်နိုင်ဆုံးသက်သက်လွတ်စားဖြစ်အောင်ကြိုးစားတယ်။
သွေးအေးအေးနဲ့ခမ်းခမ်းနားနားချစ်တတ်ခဲ့တယ်။
ဘယ်သူ့ကိုမှတော့ နာကျင်ပါစေမရှိခဲ့ပါဘူး။
မနက်ဆိုကော်ဖီသောက်တယ်။
ညဘက်မှာ လဘက်ရည်ကျဆိမ့်သောက်တယ်။
ကိုယ့်နဲ့ဓာတ်မတည့်တဲ့အရာတွေ၊
သူများနဲ့ဓာတ်မတည့်တဲ့အရာတွေရှောင်တယ်။
လယ်တီဆရာတော်ရဲ့သစ္စာလေးပါးရယ် အိုရှိုးရဲ့သူပုန်ကျမ်းရယ်ဖတ်ဖြစ်နေတယ်။
အများကြီးမရှိပါဘူး။
အများကြီးရှိစရာမလိုအပ်ခဲ့ပါဘူး။
တိမ်တွေပင်လယ်ကိုစွန့်ခွာခဲ့သလိုမျိုး
ငါတို့စွန့်ခွာကြရဦးမှာပဲ။
အလင်းနှစ်(Blogger)
Credit
ဒီနေရာလေးက ကျနော့ရဲ့ကိုယ်ပိုင် ကမ္ဘာလေးပါ။လမ်းကြုံလို့ပဲးဖြစ်ဖြစ် မတော်တဆပဲးဖြစ်ဖြစ် ရောက်လာသူတိုင်းကိုကျေးဇူးတင်ပါတယ်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။
Monday, October 9, 2017
ကဗျာ
Saturday, July 29, 2017
နေပျော်ရခြင်းအကြောင်းတွေကို သံသရာမှာ မင်းနာမည်နဲ့ ချည်ထားဖြစ်ခဲ့တယ်
" နေပျော်ရခြင်းအကြောင်းတွေကို သံသရာမှာ
မင်းနာမည်နဲ့ ချည်ထားဖြစ်ခဲ့တယ် ။ "
လမ်းခွဲရမယ့်နေ့ရက်တွေကို တွေးဖြစ်ရင် ဆုံဆည်းရတဲ့နေ့ရက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်သိမ်းဆည်းဖြစ်လာတယ်။ မွေးဖွားလာစထဲက မင်းရှိခဲ့တာမှ မဟုတ်တာ လို့ စိတ်ပြေပျောက်အောင်တွေးပြန်တော့ မင်းရှိဖူးတဲ့အချိန်တွေကလည်း လူတစ်ယောက်ရဲ့ စာမျက်နှာမှာ အရေးပါတဲ့ အကြောင်းတရားတွေ ဖြစ်ခဲ့တာပါပဲ ။
မင်းဓာတ်ပုံတွေကို ဖုန်းထဲက သီးသန့် ဓာတ်ပုံပြခန်းလေး တစ်ခုထဲမှာ သိမ်းဆည်းထားဖြစ်တယ်။ သတိရတဲ့အခါ မီးအစိမ်းရောင်လေးကို သွားကြည့်တယ် ။ ဒီလောက်ပါပဲ ။ အဆင်ပြေသလို ကိုယ်ကြိုးစားရှင်သန်ပါတယ်။ မျှော်လင့်ချက်တွေကို ချောင်တစ်နေရာမှာ ပစ်ချထားပြီးတဲ့နောက်မှာ လက်လှမ်းမမီတော့တဲ့ အရာတွေကို ပြုံးပြီး ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့ခြင်းတွေကိုလည်း လက်ခံလိုက်တယ်။
စိတ်ချင်းနီးနေတာပဲ လို့ အတင်းစေ့ပိတ်ချင်စိတ်နဲ့ လက်တွေဟာ တွန်းအားသဘောရှိတဲ့ သံလိုက် အကျိုးနှစ်ခုကို အတင်းဖိပြီးစေ့ကြည့်နေမိတယ် ။ တကယ်တော့ မျှခြေ ဆိုတဲ့ သဘောတရားဆိုတာက အပြန်အလှန် ဟန်ချက်ညီနေမှ မဟုတ်လား ။ ကိုယ့် ချစ်ရခြင်းမှာတော့ အဲဒီမျှခြေသဘောတရားတွေကနေ ကင်းလွတ်တယ် ။ ကမ္ဘာ့ဆွဲအားကြောင့်မဟုတ်ဘဲ သူ့အလိုလို ပြုတ်ကျလာတဲ့ ချစ်ခြင်းမေတ္တာသစ်သီးကို ကိုယ်ကောက်ယူတယ် ။ လွမ်းတယ်ဆိုတာက သိပ်သန့်စင်တဲ့ လေထုပါပဲ ။
ကိုယ့်ကိုချစ်ရင် မင်းကိုယ်မင်းဂရုစိုက်ပေါ့ ။ ကိုယ့်ကိုလွမ်းရင် မင်းသိပ်ချစ်ရတဲ့သူကို နမ်းပေါ့ ။ ပျော်ရွှင်ရခြင်းအကြောင်းတွေထဲမှာ မင်းရှင်သန်နေတာက ကိုယ့်ဖြစ်တည်ရခြင်းတွေကို ကျေးဇူးပြုနေတာပါပဲ ။
သံသရာတစ်ထောင့် ဒါမှမဟုတ် အချိုးအကွေ့လေးတစ်ခုမှာ ကိုယ်မင်းကို စောင့်နေမှာပါ ။ ရောက်ရှိလာစေဖို့ မဟုတ်ဘဲ စောင့်မျှော်ရခြင်းသက်သက်က သာ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ခွင့်ပဲဖြစ်တယ် ။ တန်ပြန်သက်ရောက်မှုကို မမျှော်လင့်တဲ့ တတိယနိယာမက ကိုယ်ပဲ ဖြစ်တယ်။ အချိန်တွေ ကုန်လွန်သွားတဲ့အခါ အမြဲတွဲမထားဖြစ်တဲ့ လက်တစ်စုံက သိပ်ချစ်ရခြင်းတွေ ရှိခဲ့ကြောင်း / ရှိနေကြောင်းကို မင်း သတိတရဖြစ်ပေးရင် .......
ကိုယ့်သံသရာက ငြိမ်းချမ်းအေးမြခြင်းတွေပဲ အမြဲရှိနေတော့မှာ ။
#ခွန်းညိုသွေး