Monday, June 11, 2018

ထွက်ပြေးခဲ့တယ် . . ဝါရီ

ထွက်ပြေးခဲ့တယ် . . ဝါရီ
___________________ . စုမောင်မောင်

အချစ်နဲ့ ပတ်သတ်ရင်တော့
ငါဟာ ထွက်ပြေးသူပေါ့ ဝါရီရေ. . .
ရင်ဆိုင်အောင်ပွဲရလို့
သူများတကာတွေ ပျော်ရွှင်ကြသလို
လွတ်မြောက်အောင် ထွက်ပြေးနိုင်လို့
ငါက ပျော်ရွှင်နေနိုင်တယ်လေ ။

လူဆိုတာ ကိုယ့်ဘဝအဓိပ္ပါယ်နဲ့ ကိုယ်ပဲ
ချစ်ခြင်းအားဖြင့်သူရဲကောင်းဆန်တာမျိုး
ငါ့အတွက်မလိုဘူး
အူစိန်ဘော့လို ပြေးတယ်
ဖောရက်စ်ဂမ့်လို ပြေးတယ်
အင်္ဂုလိမာလလို ပြေးတယ်
အချစ်ရဲ့ဖမ်းစားမှုက လွတ်မြောက်အောင်
ပြေးတယ် ပြေးတယ် ပြေးတယ် ။

သံယောဇဉ်သဘောက တန်ဖိုးထားလေလေ
ရင်ကွဲနာကျရလေလေဆိုတာ အသိနောက်ကျ ခဲ့ပြီပေါ့
တို့နှစ်ယောက်ကမ္ဘာမှာ
လိုက်ရဲတာသတ္တိမဟုတ်ဘူး ပြေးရဲတာ သတ္တိပဲလေ
နင်ပြောဖူးတဲ့ ဆရာမဂျူးရဲ့ စာသားလို
နောက်ထပ်မဝေးချင်လို့
နောက်ထပ်နီးစပ်အောင် မကြိုးစားတော့တာမျိုးပေါ့
ဆိုတော့ ငါထွက်ပြေးခဲ့တယ် ဝါရီ ။

ငါက ဆုတံဆိပ်ရမှ ပျော်ရွှင်တတ်သူမဟုတ်ပါဘူး
အလေ့ကျတောပန်းလေးတွေနဲ့လည်း ငါပျော်နိုင်တယ်
ဆူညံတဲ့နှလုံးသားကို မျို ချ ပြီး
တိတ်ဆိတ်နေရတဲ့အရသာကို ငါကျွမ်းဝင်နှစ်သက်နေပြီ
ချောင်ပိတ်မေးတတ်တဲ့ နင့်မေးခွန်းတွေကိုလည်း
ဒီဘဝမှာတော့ ထပ်မဖြေလိုတော့ဘူး
လှည့်စားတတ်သူက နင်မဟုတ်ပဲ
ကံကြမ္မာဖြစ်နေတော့ စိတ်လျှော့ပါပြီဟာ
နင်နဲ့ပတ်သက်ရင် အမြဲရွတ်တတ်တဲ့ငါ့ဂါထာက
"ဘာမှမတတ်နိုင်ဘူး" တဲ့ ။

ဒီလိုနဲ့ ထွက်ပြေးခဲ့တယ် ဝါရီ
ကမ္ဘာမြေဆိုတာ
နိုင်သူအတွက် နေရာရှိသလို
ရှုံးသူအတွက်လည်း နေရာရှိမယ် ငါယုံတယ်
ပြောခဲ့တဲ့စကားတွေ သစ္စာမှန်ခဲ့ရင်သာ
ငါပြည့်ချင်တဲ့ ဆုတောင်းက
ပြေးတိုင်းလွတ်မြောက်ရပါစေသား ပေါ့
ဝါရီရေ. . .
မယုံနိုင်အောင်ဝေးဖို့
မဆုံနိုင်အောင် ထွက်ပြေးခဲ့ပါပြီ ။ ။

#စုမောင်မောင်

No comments:

Post a Comment