Sunday, August 6, 2017

ညီမလေး ဖတ်ဖို့

တခါတခါ တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ကြေကွဲတတ်တာက လွဲရင် (ညီမလေးဖတ်ဖို့)
====
နေ၀င်သွားပြီးမှ အိပ်တန်းပြန်ဖို့ နောက်ကျမှန်းသိခဲ့သလို
တခါတခါ တေယာထိုးသံဆီ ရြက္လႊင့္သြားတဲ့ သေဘာၤဟာ
ကိုယ့် ရဲ့တိမ်းစောင်းမှုပေါ့...။

ခေါင်းဖြစ်လိုက် ပန်းဖြစ်လိုက်နဲ့ ဘ၀ဟာ
ဆယ်ပြားစေ့ထက်မပိုပါဘူးလို့....
တစ်ခါတစ်ခါများ ညီမလေးရဲ့ ပုခုံးဖျားမှာ နားချင်ရဲ့
မျဉ်းပြိုင်ဖြောင့်ဖြောင့်တွေဟာ ဟိုးအဝေးကြီးမှာ ဆုံမှတ်ရှိသလား

" တချို့တချို့ ပန်းတွေက တိုးတိုးတိတ်တိတ်ပဲ မွှေးပါတယ် "
ငါးဆယ်တန်အနွမ်းလေးပေါ်က ခြင်္သေ့ဟာ
တောသုံးထောင်ကိုတော့ ဘယ်ပိုင်စိုးပါ့မလဲ.. ညီမလေးရယ်။

(သို့ပေသော်လည်းပေါ့...)
ညီမလေးရဲ့ ခြေထောက်က ဆူးတစ်ချောင်းကို
တယုတယထွင်ပေးချင်တာက လွဲရင်
အချစ်ဆိုတာ လူကြားကောင်းရုံလှည့်ဖျားထားတဲ့
မျက်မမြင်တစ်ယောက်ရဲ့ နိဗ္မာန်ပါပဲ။

ခေတ်ပညာတတ်တစ်ယောက်ရဲ့ယုတ္တိဗေဒမှာ
တစ်ခါတစ်ခါ ခံစားမှုက ကျောက်ဖြစ်ရုပ်ကြွင်းဆန်တယ်။

(ညီမလေးရယ်..)
ဟိုး..အိန္ဒိယပြည်မှာ တာ့ခ်ျမဟာဆိုတာ ရှိသပေါ့
" ကိုယ်တိုင်ကိုယ်ကျ ပန်ခွင့်ရမှာ ပန်းမဟုတ်ရပါဘူး"
မြက်ပင်တွေလုပ်ပြီး စိမ်းလန်းပစ်လိုက်ရတာလည်း
မှတ်တိုင်မစိုက်ရတဲ့ သိတတ်ခြင်းတွေပါပဲ ညီမလေးရယ်။

အလင်းနှစ်(Blogger)
22.11.2012
Credit

ဝါခေါင်လပြည့်

# # ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ # #

   ဒီနေ့ ဟာ ဝါခေါင်လပြည့်နေ့ ဖြစ်ပါတယ်။ဗုဒ္ဓ
ဘာသာဝင်တွေကတော့ ဝါခေါင်လပြည့်နေ့ ကို
မေတ္တာအခါတော်နေ့ ရယ်လို့ သတ်မှတ်ထားကြ
ပါတယ်။မေတ္တာအခါတော်နေ့ လို့ သတ်မှတ်ကြ
တဲ့အကြောင်းက ဒီလိုပါ။

   ရဟန်း ၅၀၀ ဟာမြတ်ဗုဒ္ဓထံမှ ကမ္မဌာန်းတရား
အားထုတ်နည်းတွေကို သင်ယူပြီးတဲ့နောက်
သာဝတ္ထိမြို့ နဲ့ မနီးမဝေးသောတောအုပ်တစ်ခုမှာ
ဝါကပ်ကြပါတယ်။သစ်ပင်ခြေရင်းတွေမှာ ရဟန်း
တွေတရားအားထုပ်နေကြတော့ သစ်ပင်တွေကို
အမှီပြုနေထိုင်ကြတဲ့ နတ်တွေဟာ သစ်ပင်ပေါ်
မှာမနေနိုင်ကြတော့ပဲ အောက်ဆင်းနေရပါတော့
တယ်။ဒီရဟန်းတွေဟာ သိပ်မကြာလောက်ဘူး
ပေါ့။ခဏပဲဆိုပြီး သည်းခံနေကြတယ်။

   ကြာလာတော့ သည်းမခံနိုင်တော့ပဲ ရဟန်း
တွေကို တရားအားမထုတ်နိုင်အောင် အမျိုးမျိုး
ခြောက်လန့် ကြပါတယ်။ရဟန်းတွေဟာ တရား
ဆက်အားမထုတ်နိုင်တော့ပဲ ဇေတဝန်ကျောင်း
သို့ ပြန်သွားရပါတော့တယ်။မြတ်ဗုဒ္ဓကထိုရဟန်း
၅၀၀ အား မေတ္တာသုတ်ကို ပွားများသရဇ္ဈာယ်ကြ
ဖို့ မိန့် တော်မှုပြီး ထိုတောအုပ်သို့ ပြန်လွတ်လိုက်
ပါတယ်။မေတ္တာသုတ်တရားတော်ကို ရွှတ်ပွားကြ
ပြီး တရားအားထုတ်ကြတော့ နတ်တွေက
မနှောက်ယှက်သည့်အပြင်အကူညီတောင် ပေး
ကြသည့်အတွက် ဝါမကျွတ်ခင်မှာပဲ ရဟန်းအား
လုးံ ရဟန္တာတွေဖြစ်သွားကြပါတော့တယ်။

    ဝါခေါင်လပြည့်နေ့ မှာ မြတ်ဗုဒ္ဓက ရဟန်း
၅၀၀ အားမေတ္တာသုတ်ကို စတင်ဟောကြား
သည့်အတွက် ဝါခေါင်လပြည့်နေ့ ကိုမေတ္တာအခါ
တော်နေ့ လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။
မေတ္တာပွားများခြင်းဟာ
  အိပ်သော်ချမ်းသာ နိုးခါသုခ မြတ်လှအိမ်မက်
  နှစ်သက်လူတို့ နတ်တို့ ချစ်ခင် နတ်ပင်စောင့်
  နေ မီးရေမဖျက် ငြိမ်သက်တည်ကြည် ရွင်သော်
  မျက်နှာ သေခါမမှိုင် ဗြဟ္မာတိုင်သား ဆယ့်တစ်
  ပါးကို ကျမ်းဂန်ဆိုသည် ဗိုလ်လူအများ
  မေတ္တာပွား။
ဟူသောလကာင်္အရ မေတ္တာပွားခြင်းအကျိုး ၁၁
မျိုးကို ရရှိပါတယ်။ဝါခေါင်လပြည့် မေတ္တာအခါ
တော်နေ့ တွင် မေတ္တာသုတ်ရွတ်ဖို့ မမေ့နဲ့ နော်။

ကျမ်းကိုး။ ။၁။ခုဒ္ဒကနိကာယ ပဉ္စသတဘိက္ခုဝတ္ထု
            
             ၂။ကျောင်းထိုင်လက်ဆောင်

Credit သီတဂူလမင်း ( သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် )

ကျောင်းလွမ်းတေး

ကျောင်းလွမ်းတေး
------------------------- (  နွယ်သာကီ သံပြတ် )

ကျက်သရေ ဆက်ဝေ ထက်နေလွှမ်း
ရက်ရှည်လွမ်းခဲ့ ကျောင်းတော်သာ။

အပြုံးကြည် ဖုံးသည် နှလုံးပန်းချီအလား
အမုန်းမသီအားခဲ့  ပေါင်းဖော်သဟာ။

ကလေးရွယ် တေးသွယ် ဆွေးဖွယ်ကင်း
နွေးတယ်အဆင်းနဲ့. နှောင်းပျော်ခါ။

ပန်းတခင်းနဲ့ ကောင်းပျော်ရာ
လွမ်းသီချင်းဖွဲ့ ကျောင်းတော်သာ။

အသည်းပန်းချီလှနဲ့ ပေါင်းဖော်သဟာ
ပုလဲစီခခဲ့ နှောင်းသော်အခါ
အတွဲညီမျှခဲ့ ကျောင်းတော်သာ။

ပန်းအကြွေကောက်၊ လွမ်းပွေနှောက်
လမ်းမြေတခေါက် ပြန်ခိုဝင်
တမ်းစေမပျောက် အမှန်ငိုချင်။

ကာလာမပြောင်းဘဲ အချိန်ကြာစေ
အခါကြာငြောင်းလည်း စိန်ပမာပေရှင့်။

မြေနီလမ်းလေး စိန်ပန်းဝေ
ရေကြည်မခမ်းသေး ထိန်လျမ်းနေရှင့်။

ကျောင်းလမ်းကလေး မဟောင်းတမ်းငေး
ဆောင်းပန်းအဖွေး နှင်းစက်စို
အတင်းဖက်သကို လက်လေးများ
တသက်မဝေးသွာဘူး ထင်သေးသရှင့်။

ပညာပန်းပွင့် ထက်မြရာ
သင်ရာအတန်းမြင့် လက်ပြလာ
ရင်မှာအလွမ်းဖြင့် ခက်လှပါတော့်။

ကဗျာတေးနွဲ့ နှုတ်ငုံခင်
အလွှာဖွေးလဲ့  ရုပ်စုံသဘင်ရှင့်။

စွဲမက်လွမ်းတေး  ကျောင်းတော်သာ
အသည်းထက်နန်းပေး ပေါင်းဖော်သဟာ
အမြဲမပျက်မှန်းတွေး ကျောင်းတော်သာ။

လွမ်းရပါသလေ
တမ်းတကြာရှည်လို့
ပညာမွေ ပေးဝေကမ်းပါတဲ့
လေးထွေစမ်း အေးမြနယ်
ကလေးဘဝအရွယ် ခိုဝင်နားပါလို့
ပျိုလွင်တရားတို့ ပွင့်ဖူးရာ
အခွင့်ထူးလာ  တစ်ခေါက်ငေးမယ်ဖြင့်
အသင့်မကူးသာ မရောက်သေးပေလို့
ဆွေးရတယ်လေး။       ။

နန်းဧ ကရီ

Saturday, August 5, 2017

ရင်ခုန်ဘက်

စာဖတ်တဲ့ မိန်းကလေးတွေကို သ​ဘောကျတယ်​ ရင်​ခုန်​တယ်​ ချစ်​တယ်​ ​လေစားတယ်​ တန်​ဖိုးထားတယ်​။
သူတို့ဟာ ရင့်ကျက်တယ်။တည်ငြိမ်တယ်။
အရာရာကို ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။

စာပေကပေးတဲ့ အသိတွေဟာ သူ့ဦးနှောက်ကို အားဖြည့်ပေးတယ်။
ဒါ့ကြောင့် ဘ၀အတွက် လက်တွဲဖော် ရွေးချယ်ရင်တောင် နှလုံးသားကို ဦးနှောက်က လွှမ်းမိုးထားတာကြောင့် မှားယွင်းပြီးဆုံးဖြတ်မိတာမျိုး မဖြစ်တော့ဘူး။

စာအုပ်တွေကိုချစ်တဲ့ မိန်းကလေးတွေကို ဘ၀အတွက် ရွေးချယ်ချင်တယ်။
စာအုပ်တွေကိုချစ်တဲ့သူတွေက စာရွက်ကလေးတွေလိုပဲ နူးညံ့တယ်၊သိမ်မွေ့တယ်။
စာအုပ်တွေလို စိတ်ဝင်စားစရာကောင်းတယ်။
သူမပြောသမျှ စကားလုံးတိုင်းဟာ စာအုပ်တွေထဲက ကမ္ဘာကျော်အဆိုအမိန့်တွေလို တန်ဖိုးရှိတယ်။

စာအုပ်တွေကိုချစ်ပြီး စာပေတွေကိုမြတ်နိုးတဲ့ မိန်းကလေးတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ချင်တယ်။
ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်လို သိပ်ကို တန်ဖိုးရှိလိမ့်မယ်။
ကိုယ်က လမ်းမမှန်ရင်တောင် သူမက ထိန်းကျောင်းပေးနိုင်တယ်။

ဘ၀မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ စာဖတ်တဲ့ မိန်းကလေးတွေ သိတယ်။
သူမကြောင့် ကိုယ့်ဘ၀လည်း အဆင်ပြေလာလိမ့်မယ်။
အိမ်ထောင်ရေးကို ဘယ်လိုထိန်းကြောင်းရမလဲ သူမနားလည်တယ်။
ဒါ့ကြောင့် အိမ်ထောင်ရေးပြိုကွဲမှု မဖြစ်နိုင်တော့ဘူး။

ဒါ့ကြောင့် စာအုပ်ဆိုင်တွေ၊စာကြည့်တိုက်တွေမှာ တွေ့ရတဲ့ မိန်းကလေးတွေဆို ရင်ခုန်မိတယ်။
စာအုပ်ကလေးပိုက်လို့ လမ်းလျှောက်လာရင် ပိုလို့တောင် ရင်ခုန်​သေးတယ်​။

Cred: ko Zaw Zaw

Saturday, July 29, 2017

နေပျော်ရခြင်းအကြောင်းတွေကို သံသရာမှာ                                မင်းနာမည်နဲ့ ချည်ထားဖြစ်ခဲ့တယ်

" နေပျော်ရခြင်းအကြောင်းတွေကို သံသရာမှာ
                               မင်းနာမည်နဲ့ ချည်ထားဖြစ်ခဲ့တယ် ။ "

        လမ်းခွဲရမယ့်နေ့ရက်တွေကို တွေးဖြစ်ရင်  ဆုံဆည်းရတဲ့နေ့ရက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်သိမ်းဆည်းဖြစ်လာတယ်။ မွေးဖွားလာစထဲက မင်းရှိခဲ့တာမှ မဟုတ်တာ လို့ စိတ်ပြေပျောက်အောင်တွေးပြန်တော့ မင်းရှိဖူးတဲ့အချိန်တွေကလည်း လူတစ်ယောက်ရဲ့ စာမျက်နှာမှာ အရေးပါတဲ့ အကြောင်းတရားတွေ ဖြစ်ခဲ့တာပါပဲ ။

           မင်းဓာတ်ပုံတွေကို ဖုန်းထဲက သီးသန့် ဓာတ်ပုံပြခန်းလေး တစ်ခုထဲမှာ သိမ်းဆည်းထားဖြစ်တယ်။ သတိရတဲ့အခါ မီးအစိမ်းရောင်လေးကို သွားကြည့်တယ် ။ ဒီလောက်ပါပဲ ။ အဆင်ပြေသလို ကိုယ်ကြိုးစားရှင်သန်ပါတယ်။ မျှော်လင့်ချက်တွေကို ချောင်တစ်နေရာမှာ ပစ်ချထားပြီးတဲ့နောက်မှာ လက်လှမ်းမမီတော့တဲ့ အရာတွေကို ပြုံးပြီး ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့ခြင်းတွေကိုလည်း လက်ခံလိုက်တယ်။

             စိတ်ချင်းနီးနေတာပဲ လို့ အတင်းစေ့ပိတ်ချင်စိတ်နဲ့  လက်တွေဟာ တွန်းအားသဘောရှိတဲ့ သံလိုက် အကျိုးနှစ်ခုကို အတင်းဖိပြီးစေ့ကြည့်နေမိတယ် ။ တကယ်တော့ မျှခြေ ဆိုတဲ့ သဘောတရားဆိုတာက အပြန်အလှန် ဟန်ချက်ညီနေမှ မဟုတ်လား ။ ကိုယ့် ချစ်ရခြင်းမှာတော့ အဲဒီမျှခြေသဘောတရားတွေကနေ ကင်းလွတ်တယ် ။ ကမ္ဘာ့ဆွဲအားကြောင့်မဟုတ်ဘဲ သူ့အလိုလို  ပြုတ်ကျလာတဲ့ ချစ်ခြင်းမေတ္တာသစ်သီးကို ကိုယ်ကောက်ယူတယ် ။ လွမ်းတယ်ဆိုတာက သိပ်သန့်စင်တဲ့ လေထုပါပဲ ။

          ကိုယ့်ကိုချစ်ရင် မင်းကိုယ်မင်းဂရုစိုက်ပေါ့ ။ ကိုယ့်ကိုလွမ်းရင် မင်းသိပ်ချစ်ရတဲ့သူကို နမ်းပေါ့ ။ ပျော်ရွှင်ရခြင်းအကြောင်းတွေထဲမှာ မင်းရှင်သန်နေတာက ကိုယ့်ဖြစ်တည်ရခြင်းတွေကို ကျေးဇူးပြုနေတာပါပဲ ။

          သံသရာတစ်ထောင့် ဒါမှမဟုတ် အချိုးအကွေ့လေးတစ်ခုမှာ ကိုယ်မင်းကို စောင့်နေမှာပါ ။ ရောက်ရှိလာစေဖို့ မဟုတ်ဘဲ စောင့်မျှော်ရခြင်းသက်သက်က သာ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ခွင့်ပဲဖြစ်တယ် ။ တန်ပြန်သက်ရောက်မှုကို မမျှော်လင့်တဲ့ တတိယနိယာမက ကိုယ်ပဲ ဖြစ်တယ်။ အချိန်တွေ ကုန်လွန်သွားတဲ့အခါ  အမြဲတွဲမထားဖြစ်တဲ့ လက်တစ်စုံက သိပ်ချစ်ရခြင်းတွေ ရှိခဲ့ကြောင်း / ရှိနေကြောင်းကို မင်း သတိတရဖြစ်ပေးရင် .......
ကိုယ့်သံသရာက  ငြိမ်းချမ်းအေးမြခြင်းတွေပဲ အမြဲရှိနေတော့မှာ ။

                                                                         #ခွန်းညိုသွေး

ပန်းဥယျာဉ် ကဗျာများ

ပန်း ဥယျာဉ်ကဗျာများ (၁.  မှ ၃၀ စုစည်းမှု ) photo နဲ့ ပန်း အံကိုက် ထည့်ပေးထားပါတယ်

( ၁.)""  စံပယ် ""

စံပယ်ဖြူ ပွင့်ငုံသေးရယ်က 
ဖြူဖွေးလို့ ချစ်စရာ။
ခက်စိမ်းခြုံ အုပ်အုပ်ကြားမှာဖြင့်
လှုပ်ရှားပွင့်ဖြာ။
အဆူးမပါ
အဖူးမှာ စီရီဆင့်။
မိုးမရောက်ခင်
ဖြိုးမောက်လွင် အစွမ်းပြပါတဲ့
ပန်းလှငယ်ပွင့်။      ။

( ၂.)  "" မြတ်လေး ""

နွမ်စိမ်းခြုံ ဘုံအထက်
အုံမပျက် မာလာ။
သွေးအရောင် စံပယ်နှိုင်းပေမယ့်
ပွင့်ခိုင်း ပုံကွာ။
ရနံ့ကြည်သာ
ပျံ့အီကာ လေတစ်ကြော။
ကြည်ပြုံးဖွယ်
သီကုံးသွယ် စိန္တေမြတ်ကိုတဲ့
လှူကပ်စို့နော။     ။

( ၃.) ""တတိုင်းမွှေး""

အပွင့်ပုံဆန်းပါလို့
ပင်နန်းက ခြုံသာသာ။
နမ်းကြူစဉ် ရနံ့မပေးပါဘု
ပျံ့မွှေးညခါ။
ပန်း သဏ္ဌာန်မှာ
လွှမ်းပြန်တာ ကြက်ဥသို့ ။
အမည်နော်
အလွယ်ခေါ် လူတို့ပြုတယ်
ပန်းကြက်ဥလို့။       ။

( ၄.) ""ဇီဇဝါ ""

ပွင့်ဟန်ကိုကြည့်လျှင်ဖြင့်
တူပါဘိ နှင်းဆီကွယ်။
အရောင်စုံ မရောယှက်ပါပဲ
ဖွေးလျှက်ဖြူတယ်။
ဇီဇဝါမယ်
ကြည်သာဖွယ် မွှေးရနံ့ ။
လန်းကျော်ကာ
နွမ်းရော်မှာ ဝါရည်စွက်ပေမယ့်
မွှေးလျက်သာပျံ့။        ။

( ၅.)  ""ယုဇနပန်း""

ပန်းပွင့်ငယ် ယုဇန ဟာဖြင့်
တုမရ. သူ့ပုံစံ။
ပွင့်ပါလျှင် တစ်ပင်လုံးသာပ
လွင်ဖုံးနေပြန်။
ဖြူဖွေး သဏ္ဌာန်
ယူထွေးရန် ခက်သား။
အစဉ်ပေ
အပင်ခြေ မြေတစ်ကြောမှာဖြင့်
ကြွေလျောခစား။       ။

( ၆.)  ""သဇင် ""

ပန်းဘုရင် တင်စားလေတဲ့
နန်းအဝင် ရွှင်အားပါလို့
ခင်ဖုရားတို့  သုံးတော်ခံ။
တောတောင်လျှို အပင်မြင့်မှာမှ
သွင်တင့်လေပြန်။
မာနမထန်
ခွာချမာန် ငုံ့လျက်သား။
လှမ်းမျှော်ချင်
ပန်းတော်ဝင် သဇင်ခက်ကိုဖြင့်
လူမက် တအား။       ။

( ၇.) ""နှင်းပန်း""

နှင်းပန်းခိုင် ဖြူလွလွကိုဖြင့်
ယူကြလို့ ဘုရားလှူ။
ရနံ့အီ တစ်မျိုးဆန်းပါလို့
တိုးနမ်းကာကြူ။
မြင်ရသူ
သွင်လှတမူ ခိုင်ခိုင်ဖြင့်။
မကြွေလွယ်ပါ
လေသယ်ရာ ရနံ့ပေးကာပ
ပျံ့မွှေးတယ်ရှင့်။         ။

( ၈.) "" ခရေ.""

ပန်းအကြွေ ခရေများရယ်က
လွှမ်းသလေ မြေတစ်လွှားမှာဖြင့်
ခစားလို့ နေရပြန်။
ကောက်ယူငင်  မသီကုံးသော်လည်း
ပွင့်နှုံးမှန်မှန်။
စင်္ကြာဟန်
သက်လာစံ မြေပြင်ကြား။
ပန်းကြည်သာ
နွမ်းရီကာ ညှိုးခြောက်ပေမယ့်
ကြိုင်လှောက် နေသား။    ။

( ၉.) ""ဂေါ်သဇင် ""

ဂေါ်သဇင် သည်ပန်း ရယ်က
တော်မဝင် အပီလွှမ်းပါရဲ့
အေးချမ်းတဲ့ ခါရာသီ။
ထွေးနွယ်လိမ် ခြံစည်းရိုးမှာဖြင့်
ကြီးစိုးဝေစီ၊၊
အဖြူမပီ
ရောင်စုံညီ မရောစွက်။
ပွင့်လာချိန်
သင့်ရာနှိမ် ယူလို့ခူးကာပ
ကြိုင်ထူးဝေလျက်။      ။

( ၁၀.) ""ဆိပ်ဖလူးပန်း ""

ပွင့်အခြေ နီဝါလွှမ်းကာပ
ပန်းကလေး သူ့နာမည်။
ပန်းစင်္ကြာ အသွင်းထူးလေတဲ့
ဆိပ်ဖလူး သည်။
ကြွေရှာပြီ
မြေလွှာဆီ အလှဆင့်။
ငြိုးဖွဲ့စေ
မိုးနဲ့လေ အထဲမှာဖြင့်
ပွင့်ရဲ ကြွေလွင့် ။     ။

( ၁၁.)  ကံကော်ပန်း

ပန်း ကံ့ကော် ဖြုဖြူဖွေး  ရယ်နှင့်
လွှမ်းပျံ့မော် ကြူ ကြူမွှေးပါဘိ
ဝတ်ဆံသွေး ဝါရွှေစင်။
အရွက်ချွန် လေပြည်သွဲ့ပြန်တော့
ယိမ်းနွဲ့သံလွင်။
ကျောင်းနိမိတ်ထင်
သစ်လွင်တဲ့ ဒီပန်း။
မိုးလေထန်
တိုးဝေအမှန်  အပူပြင်းစေကွဲ့
ကြိုင်သင်းဖြာလန်း။   ။

( ၁၂.)  ""ဇွန်ပန်း ""

ဇွန်ဇူလိုင် မိုးသည်းထဲမှာဖြင့်
အလွန်ကြူလှိုင်  တိုးခဲပါလို့
ပုလဲပွင့် ဇွန်ငယ်ငယ်။
အရောင်မခြယ်  အတည်ဖွေးကာပ
အနှောင်တွယ် ခြည်ကလေးရယ်နှင့်
သီထွေးကာ ကွယ်။
စိန္တေမယ်
နှိမ်ခြွေတယ် ကပ်လှူဒါန်း။
ပွင့်ပိုလျှင်
သင့်သလိုပင် ပန်ဆင်သပါလို့
ဆင့် နဂိုယဉ် ဟန်ပင်ကျလေတဲ့
လှလွန်းသည့်ပန်း။       ။

( ၁၃ )  ကုမုဒြာကြာ

လရောင်ခြည် မျှော်မှန်းရပါလို့
ညမှောင်ရီ ပေါ်လန်းကြလေတဲ့
ပန်းအလှ  ကုမုဒြာ။
ဝင့်ပုံမှာ မတူခြားပေလို့
ပွင့်ငုံအာ အဖြူသားတွေနဲ့
ကြူအားနိုင်တာ။
နေ့အခါ
မေ့မှာသာ မပွင့်ရဲ။
ညဘက်ခါ
လထွက်လာ ငွေရောင်ဖွေးပါမှ
မြရွှက်ဖြာ ကြွေရောင်သွေးတွေနဲ့
မွှေးလန်းအမြဲ ။       ။

( ၁၄) သရဖီ

ချိန်ရာသီ နွေလဆန်းမှာဖြင့်
ထိန်ဖြာကြည် ဝေကြပန်းမှာတော့
မွှေးလန်းတဲ့ သရဖီ။
ပွင့်လွှာငယ် ဖြူဖြူဖွေးပါလို့
ကြူမွှေးဝေစီ။
ခူးကာ တစ်လီ
ဦးစွာသီ လှူဒါန်းဖို့။
သူ့ရာသီ သင့်လေမှ
ပွင့်ဝေကြ မာလာငယ်
ဖြာဖြာကြွယ် ချိန်အခိုက်မှာဖြင့်
ပန်လိုက်ပါစို့။         ။

( ၁၅.)  စွယ်တော်ပန်း

တစ်ရွက်မှာ နှစ်လွှာဆင့်ပါလို့
တစ်သက်တာ အကြာတင့်လေရဲ့
ပမာချင့် ချစ်သူတွေ။
ပွင့်အရောင် အဖြူသားရယ်နဲ့
လှအားပါပေ။
စွယ်တော်လေ
ကြွယ်မော်နေ ပင်ထက်ဖျား။
ဘုရားမတင်
တအားပင် ပွင့်ကာလန်းပါလို့
လွင့်ရှာလှမ်း မြေပြင်လွှာ
ကြွေစဉ်ခါ ဖွေးဖွေးလှုပ်ကာဖြင့်
အဟုတ်လှသား။         ။ ။။

( ၁၆.)  ခွါညိုပန်း

မြခွာညို  ပန်းကလေးကိုဖြင့်
လှပါသကို နမ်းမွှေးပြန်လို့
ယူထွေးကြ ဆောင်းအခါ ။

အခက်အညှာ နွယ်လိမ်အုပ်တွေနဲ့
အရွက်ဖြာ ကြွယ်စိန်ဆုပ်နှယ်သို့
ဖွေးလှုပ်ဝတ်လွှာ။

နှင်းသောက်ကာ
သင်းလှောက်တာ ပြိုင်မရ။

ဖွေးပါပြီ
အေးရာသီ နှင်းတွေဝဲပါမှ
မွှေးကာကြည် သင်းလေမြဲပါကွဲ့
စွဲလန်းလေစွ။      ။

( ၁၇.) ချယ်ရီ

နှင်းချယ်ရီ ပန်းအလှကိုဖြင့်
သင်းကြွယ်စီ လှမ်းမရပါဘု
မောနှမ  ပန်းဘုရင်။

ပွင့်ရူပါ  ပန်းရောင်သွေးငယ်နှင့်
ဆင့်ကြူရာ နမ်းတောင်မမွှေးပါဘု
လှရေးချယ်ပင်။

ပင်တိုင်းတွင်
ကိုင်းမမြင် ပွင့်ပုံဆန်း။

နှင်းနဲ့ အပြိုင်
အဆင်းနွဲ့ခိုင် ပန်းကလေးကိုဖြင့်
သင်းတဲ့မကြိုင် နမ်းထွေးချင်ရဲ့
ယူပေးရန်မြန်း။       ။

( ၁၈.) ညမွှေးပန်း

ညအခါ  အလင်းပျောက်လေမှ
အလှဖြာ  သင်းလှောက်ပါလို့
အဆင်းတောက် မာလာ။

ရနံ့အီ တစ်မျိုးဆန်းကာဖြင့်
အနှံ့ဆီ တိုးလွမ်းကာပ
ပွင့်လန်းလေရှာ ။

မဝင့်မဝါ
ပွင့်ကာသာ အလှဆင့်။

အားမငယ်
အများအလယ် အရာမပေးပေမယ့်
ညကလေးဖြင့် လှစေအောင်
စွမ်းဆောင်ကာ ပွင့်နေမြဲပါကွဲ့
ညထဲမှာတင့်။           ။

( ၁၉.)  ဓဝယ်မှိုင်းပန်း

ပန်းနာမည် ဓဝယ်မှိုင်းရယ်လို့
ဆန်းပါသည် နွယ်ရိုင်းတွေနဲ့
ပွင့်တိုင်းလှ မွှေးကြူကြူ။

ပန်းပုံမှာ ဖြူနီရောပါလို့
ဆန်းစုံစွာ ကြူအီနှောလေရဲ့
ပွင့်ပေါ ရွယ်တူ ။

ဘုရားမလှူ
တအားသူ ပွင့်ကာပေး။

များလူတွေ အရေးမလုပ်ပေမယ့်
အသွေးထုတ် ပွင့်မြဲသာ
ဆင့်ကဲဖြာ အခါမဲ့ မှာဖြင့်
လှလွန်းရဲ့လေး။      ။

( ၂၀.) နွယ်သာကီပန်း

နွယ်သာကီ  အပွင့်ဆန်းတွေက
ကြွယ်ကာစီ  စွင့်လန်းပါလို့
ပင်မှန်းကြည့် ခြုံပမာ။

လေသွေးရာ ဘယ်ညာတိမ်းလို့ဖြင့်
ပင်ခြုံစိမ်း အထက်စွန်မယ်
အရွက်ချွန် ဘယ်မရှားပါဘု
များပြားပေတာ။

အရောင်စုံစွာ
အပွင့်ဖြာ လှနေဆဲ။

ရနံ့မလွင်
သန့်စင်စေ လူမကြည့်ပါဘု
အနှံ့တခွင်မြေ  သူရှိပါလို့
လန်း၏ အမြဲ ။      ။

( ၂၁.)  နှမ်းလုံကြိုင်

နှမ်းလုံးကြိုင် ပန်းလေးရယ်က
ခန်းလုံးလှိုင် လွှမ်းမွှေးပါလို့
လေသွေးခိုက် သယ်ယူလာ။

အပွင့်ဟန် အဆုပ်ခဲငယ်နှင့်
အမြင့်စံ အဟုတ် စွဲ ကာပ
ပြန့်ကြဲပွင့်ရှာ။

ပန်မရပါ
ဟန်အလှဖြာ ပန်းမွှေးမွှေး။

ဝါညီထိန်
ရာသီချိန် မရွေးဘဲရယ်နဲ့
မွှေးမြဲပေါ့  ပန်းခြုံတွင်
ဆန်းဂုဏ်အင် ကြိုင်ရှာကြပါလို့
နန်းပုံသွင် ပြိုင်ကာပြလေတဲ့
ပန်းလှကလေး။        ။

( ၂၂.)  ဒေါနပန်း

ခေါ်ကြတယ် ပန်းရယ်လို့
ရော်ရမယ် နွမ်းသည်ထိ
မမြန်းပွင့် မဖူးငုံ။

ပွင့်မပါ အရွက်ခက်ရယ်နဲ့
တင့်ကာသာ အဖက်ဖက်ဆီသို့
မွှေးချက် အီထုံ။

အခက်ကိုင်း မာလာပုံ
နေရာစုံ  ရနံ့လွှမ်း။    ။

မွှေးလှိုက်ကြူ  ဒေါနလေးကိုတော့
ထွေးပိုက်ယူ  သောကဝေးအောင်ဖြင့်
ရေဆေးလို့ ကပ်လှူရန်
မြတ်ရှင်ထံ ဆုရည်တောင်းပါလို့
ကောင်း နိဗ္ဗာန် နန်း။         ။

( ၂၃.)  ဂန္ဓမာပန်း

ဂန္ဓမာ ဆေးစုံပန်းတွေက
အလျံဖြာ ငေးမကုန်လန်းပါရဲ့
လှူဒါန်းကြ အဖုံဖုံ။

ဖြူနီဝါ အသွေးမရမ်းရယ်နှင့်
တူညီညာ မွှေးမကြမ်းပါဘု
လေသွမ်းခိုက်ထုံ။ 

နှောင်သကို
အရောင်စို ရွက်နုစိမ်းတွေနဲ့
မိန်းမောဖွယ့် အလှစုံ
မြအငုံ မပွင့်သေး။ 

ပွင့်ပါပြီ
ဆင့်ကာစီ တစ်ခင်းလုံးသာပ
သင်းမဆုံး ခူးကာယူ
ဦးစွာလှူ စိန္တေမြတ်ကိုဖြင့်
ဆက်ကပ်ဖို့တွေး။        ။

( ၂၄.)  ပဲနွယ်ပန်း

နွယ်သဏ္ဌာန် အရိုးကြားမှာဖြင့်
ကြွယ်အမှန်  တိုးပွားပါလို့
ရွက်များထပ် နှစ်လွှာ။

ဟေမာန်တွင် ချိန်မ်ီပွင့်ပါရဲ့
လေထန်လျှင် စိန်စီဆင့်နှယ်သို့
လွင့်ယိမ်းနေရှာ။

မွှေးလန်းကြူ
ထွေးနမ်းယူ မြင်သူတိုင်းမှာဖြင့်
သွင်မရိုင်း ပုံလိပ်ပြာ
ထုံစွာကွဲ့ လွန်မွှေး။

ပဲပန်းနွယ်
စွဲလန်းဖွယ် အသွင်တင့်ပါလို့
အမြဲတမ်းကွယ် အယဉ်မဆင့်နိုင်ဘု
ပွင့်အခိုက် သုံးဆင်ရန်
ထုံးယဉ်ဟန် ကေသာကြော့တွင်ဖြင့်
ပန်မော့ချင်သေး။    ။

( ၂၅.)  စိန်လည်တုန်

စိန်လည်တုန် ပန်းတစ်မျိုးဟာဖြင့်
လွှမ်းမိုးကြ ဝသန်ခါ။

အဆင်းရောင် မတောက်ပပေမယ့်
အတင်းဆောင် မောက်ကြွအောင်ဖြင့်
လှူရလေတာ။ 

ရနံ့မပါ
အဟန့်မှာ အလွန်သေး။

အပွင့်ဖြိုင်  တစ်ခင်းလုံးသာပ
အဆင့်ခိုင် အတင်းဖုံးပါလို့
ခင်းအဆုံးဖွေး။        ။

ပန်း ဥယျာဉ် ( ၆.) 

( ၂၆.) ပန်း စက္ကူ

ပွင့်ရွက်တူ သဏ္ဌာန်ထူးပါလို့
ဆင့်တက်မူ ဟန်မြူးကာဖြင့်
ပန်မခူး ပန်းစက္ကူ ၊၊

ပန်းဝေဆာ တစ်ပင်လုံးမှာဖြင့်
ဆန်းပေတာ ယဉ်မဆုံးသော်လည်း
မသုံးမွှေးကြူ ။

မမှုပါသည်
သူ့မှာအတည် ရာသီမညှိပါဘဲ
လောက၏ အလှကူ
ပန်းချင်းတူ မျက်နှာမဲ့။

မနမ်းချင်နေ
ပန်းအသွင်လေ ဝေမလျော့ပါပဲ
မြန်းရွှင်ဝေ လေအသော့မှာဖြင့်
ပြုံးမော့မယ်ကွဲ့။      ။

( ၂၇.) ပန်းထိမ်မနိုင်

ရွှေပန်းထိမ် လက်မှိုင်ချပါလို့
သရေမမှိန်  ခက်အခိုင်လှပါတဲ့
လန်းပေစွ ပန်းပါကွယ်။

ဆင်စွယ်ရောင် ပွင့်လွှာကြောတွေနဲ့
မြင်လွယ်အောင် ဖွာကာပြောရန်တော့
မောရပါမယ်။

မိုးရာသီ
ဖြိုးရွာပြီ မိုးပေါက်ထဲမှာမှ
တိုးရောက်မြဲ အပွင့်ကြွယ်
အလွယ်ပင် ခူးလှူဒါန်း။

ပန်းတိမ်မနိုင်
စိန်အခိုင် အလှပန်းမှာဖြင့်
မြနန်းရွက် အပေါ်မှာ
ပျော်ကာသာ ပွင့်ပုံထူးပါဘိ
မြူးကြွတဲ့ပန်း။       ။

( ၂၈.)  ပုဏ္ဏရိတ်ပန်း

ပန်းနာမည် ပုဏ္ဏရိတ် ရယ်လို့
ဆန်းပါသည် ခြုံအထိပ်မှာဖြင့်
ပွင့်စိပ်စိပ် ခက်အခိုင်။

အသွေးစုံ အဆင်ဆန်းကာပ
မုလေးငုံ အသွင်မြန်းလို့ဖြင့်
စီတန်းခြံတိုင်။

ပွင့်ပုံမှာ
ဆင့်ဆုံကာ အဆုပ်ဆုပ်ရယ်နဲ့
လှုပ်လှုပ်ခဲ ပွင့်ဝေလှိုင်
ကြိုင်နံ့ငယ် မမွှေး။   

မမွှေးလည်းလေ
သွေးရဲပေ ပွင့်ကာပြလို့ဖြင့်
လောကထက် အလှဝေ
ကျမကြွေ အချိန်ထိသာပဲ
ကြည့်မဝငေး။    ။

( ၂၉.)  ခေါင်ရမ်းပန်း

အသွေးရောင်ဆန်းပါလို့
အမွှေးမဆောင်ပန်းမှာဖြင့်
ခေါင်ရမ်းလို့ အမည်တွင်။

ပွင့်ပုံမှာ အများအပြားပါပဲ
ဆင့်စုံစွာ ခြားနားပေလို့ 
ပင်ဖြား ထက်လွင်။

ပန်းဂုဏ်ရည်
ဆန်းစုံညီ တကယ်ပွင့်ပေမယ့်
ဘယ်မတင့် ပွဲအဝင်
လွဲဖယ်ချင် လူတွေကြား။ 

ပွင့်မှာလေ
ဆင့်ကာဝေ မမြတ်နိုးသော်လည်း
ထပ်တိုးလျက် ပျော်ရွှင်စွာ
တော်မဝင်တာ မျက်ကွယ်ပါလို့
အံတုပွင့်အား။        ။

( ၃၀.) ဗေဒါ

ဝေဆာတယ် ဗေဒါများရယ်က
ရေဇလာမယ် စေရာသွားပါလို့
မနေနား မတွယ်တာ။

လှိုင်းစေရာ အပေါ်အောက်သာပဲ
ကိုင်းအခြေမှာ မကျော်ထောက်လျင်တော့
ထစ်ခေါက်နားကာ။

ရေဆောင်လျင်
သွေရှောင်ချင် မရှိပဲရယ်နဲ့
ရေထဲက ပန်းပြာပြာ
နမ်းစရာ ရနံ့ကင်း။

ကဗျာမင်းမူ
စာနှင်းသူ အလွန်ပေါပါဘိ
ရေကြောက ဗေဒါခင်
ရေပြာတွင် သူနေမြဲပါကွဲ့
ရေထဲပျော်ရင်း။      ။

နန်းဧ ကရီ