Tuesday, May 16, 2017

အမေကဗျာများစုစည်းမှု (ရေးသူ နန်းဧကရီ)

ကမ္ဘာ့ အမေများနေ့. အမှတ်တရ အမေကဗျာ စုစည်းမှု
( 17.)  ပုဒ်

အမေအားလုံး၏ သတ္တိ ""
------------------------------------- ( အရိုးခံတေးထပ် ) ( 1.)

အမေဟာ မြေမာလမ်း
စေရာလှမ်း ပိုးချီ
ဖွေရှာမှန်း  မညှိုးသည်ကွယ်
မရိုးပြီ နေမြဲ။

ရှုံးအမြတ် သုံးသပ်ဖယ်ကာ
မှုန်းအပ်ချယ် မေတ္တာရင်ထဲ၊၊

ထမင်းအိုး ဟင်းဖိုးဖွေတယ်
အရင်းပျိုးလေ  ခက်ခဲ ။
အဆင်းမညှိုးပေ အသက်ပဲမို့
မပျက်စွဲ မွေးမြူ။

ဆန်အလာ ပြန်ကာမတွေး
ဖန်ရှာကျွေး အေးချမ်းကြည်ဖြူ။

အစစ်အေး ရစ်ထွေးသူပါ
ချစ်ရေးတူ အသည်းကြားမှ
မခွဲခြား သားသမီးဆို
ပွားအစီးလို ။

သွားမညည်း ရှားမီးဖြိုမယ်
မခါးသီးချို ရင်သွေးတွက်လေး။      ။

နန်းဧ ကရီ

///////////////
အေးရိပ် အလွမ်း ""
-------------------------- ( အရိုးခံ တေးထပ် )  (  2 .)

ကိုယ်ဖြစ်လာ သောကမီး
တောထပြီး နေတာ
ပြောပြညည်း ဖြေစရာကွယ်
ရွှေပမာ ရှားဆဲ။

ငယ်တုန်းက ကွန်းခိုဝင်ရန်
ရွှန်းချိုလွင် အမေ့ရင်ထဲ။

လုံခြုံလွန်း  အေးရိပ်သာမှာ
ချွေးသိပ်ကာ နေမြဲ ။
ဘေးထိတ်လာ အဆွေနည်းတော့
အမေပဲ မြင်ယောင်။

သောကဝင် လမ်းတွေကြမ်းတော့
မှန်းလေလွမ်း မျက်ရည်ဖြာအောင်။

တမ်းတမိ မမေ့ပေါင်နော်
မတွေ့တောင်  ဆွေးမပြတ်ပေါ့
အနွေးဓာတ်  ခြုံလွှမ်းရာ
ဘုံစခန်းသာ။

သောကဖွဲ့ လောကီမှာလေ
ကျောမှီစရာ ရှားလွန်းတယ်လေး။   ။

မောပန်းလို့ လမ်းပျောက်ခါတွင်
မှန်းရောက်တာ အမေ့ဆီလေး။      ။

ိနန်းဧကရီ
///////////

အတိတ်ခရီး
------------------ ( လေးချိုး ) 

အသက်ပင် ထွားကျိုင်းခဲ့ပေမယ့်
စိတ်လှိုင်းတဲ့  နောက်ပြန်စေ
အမေအပြန် ခြံပေါက်ငေးပါလို့ 
ပြေးကြိုကြ အမေလာ။

အချိန်မှန် လည်ပတ်မြဲ
စက္ကန့်ဆွဲ ယီးလေးခို
သက်တမ်းအို တစ်စတစ်စရယ်နဲ့
ဘဝဘဝ အချိန်ကုန်
ခိုလှုံသူ ဘဝလွန်မြောက်ပါလို့
ပြန်ထောက်မ အလှည့်ပင်
မနွဲ့ချင် ဝတ္တရားတွေက
များမြောင်လှတာ။

အပိုဆိုသည်  ရှိမနေသော
အလိုမဖြိုပြီ  ကိလေတောမှာဖြင့်
လောဘနောက် ကောက်ကောက်ပါ
အောက်ကျမှာ စိုးရိမ်မြဲ။

မတွယ်မငင်
ငယ်ရွယ်စဉ်  ကလေးအဖြစ် ကိုတော့
တွေးစစ်ကြည့် ပျော်ရွှင်ဖွယ်
ပျော်ပါးမယ် ငြူစူကင်းပါလို့
မော်ကြွားတယ် လူလူချင်းတွေလဲ
အလျဉ်းမရှိ စင်ကြယ်ဖြူ
မာန်မထူ  စိတ်ဖွေးဘဝကိုဖြင့်
ပြန်တစ်မူ အတိတ်တွေးရ ပါလို့
လွမ်းတတတ်ဆဲ။       ။ ။။

နန်းဧ ကရီ

//////////

""မြင်းမိုရ်တောင်သို့ မော်ကြည့်ခြင်း ""
-----------------------------------------------  ( လေးဆစ်) ( 4.)

#အငတ်ခံ အော့အန်ကျွေးပါလို့
မွေးဖို့ဖြင့် ကိုယ်ဝန်ဆောင်။

ပဋိသန္ဓေ နေ့ရက်များမှာဖြင့်
ပူစပ်ခါးရှောင်။

ကျေးဇူးက မြင်းမိုရ်တောင်
ကြေအောင်ဖြင့် ဆပ်နိုင်ဘူး။

( အို … သို့ပေတဲ့)
မကြေလည်းနေ
နေဆဲမလေ  မိ နဲ့ ဘ ကိုဖြင့်
သိငဲ့မှ လူပီပြင်
စွမ်းနိုင်လျှင် ကောင်းစွာဆပ်ပါက
မြတ်ကုသိုလ်ထူး။      ။

#အားမာန်ဝေ ကြည်မြဖူးပါလို့.    
သားသန္ဓေ တည်စဦးမှာဖြင့်
ဖေမြူးလို့ ပျော်ပြီ။

ရင်သွေးငယ် မမြင်သေးပေမယ့် 
ထင်ရေးကြွယ် ရင်အေးပါလို့ 
အမည်ပေးသည်။  

ကျောပိုးချီ
တောတိုးမည် မကြောက်သေး။

ရင်သွေးသာ
အစဉ်ပေးကာ မေတ္တာစမ်းတွေနဲ့
မညှိုးနွမ်း မညည်းညူ
တစ်ပါးသူ ဘယ်လိုမုန်းပေမယ့်
ပြုံးချစ်မြဲ  ကျေးဇူးကို
စွမ်းသလို ခါမနှောင်း မှာဖြင့်
ပမ်းမဆို  တစ်ဖြာကောင်းအောင်တော့
( သမီးလေ…„)
ပြန်ပြောင်းဆပ်တွေး။    

(  လေးချိုး )  

နန်းဧ ကရီ
///////

" အမေ့ ဂုဏ်ရည် "
-------------------------(  ကာလပေါ်စာထောင့်လေးချိုးကြီး )  ( 5.)

အမေ့ဂုဏ်အင် ဋီကာတကယ်ပြုလျှင်ဖြင့်
မစေ့စုံလင် ညီစွာအလွယ်တုရန်ပ
တနေ့ကုန်လျှင်  သီကာအမယ်စုသော်လည်း
ပီစွာကြွယ်မှု ဖြင့် အမှန်မလွယ်။ 

ဝမ်းသော်တာ စန္ဒာထက်လင်းပါလို့
လွှမ်းကျော်စွာ အပြန်တစ်ရာအသက်ရင်းကာဖြင့်
ပန်းသော်မခွါ  မှန်စွာဆက်နှင်းကာပ
ရင်တွင်းအနှစ်ကိုတဲ့ သန္ဓေဆောင်ကာ
အသေနောင်ခါ ဘယ်မတွက်နိုင်ဘု
အနေမချောင်ကြာ တကယ်ခက်ပါလို့
ဝမ်းထက်ရှိတဲ့  သွေးဥဆိုင်ကို
မွေးလုတိုင်ကွယ် အမေချင့်ငဲ့စားပါလို့
တွေးရှုကိုင်တွယ် အနေသင့်ရဲ့လားရယ်ပ
များမြောင်လှ ဆင်ချင်စရာတွေ
( တကယ်ပါလေ…)
ရင်ခွင်လွှာ  အပြုံးပန်းပန်သကာဖြင့်
ပြင်ဆင်ရှာ နှလုံးမနွမ်းဟန်စတွေနဲ့
( အို… အမေတို့လေ.)
မာန်ခ ရှာတယ်။

သေခြင်းမမြင်
နေရင်းပင် အချိန်တော်သာများပြန်တော့
သေမင်းလျှင် စိန်ခေါ်ကာထားပါရဲ့
တောက်ကြွားပါတဲ့ နှလုံးသားထုထည်
နှုန်းထားပြုဖွယ် မမြင်နိုင်ဘူး
   (အမေတို့ကလေ… ) 
အပြုံးများနုနယ် ရင်အဆိုင်ဦး။

သွေးနို့အကြည်
ဖွေးဖို့အတည် မေတ္တာဓါတ်များတွေနဲ့
ကျွေးသို့ရည် ရစ်ကာပတ်ထားလေတော့
များပြားလှတဲ့ အဟာရကစီကိုကွယ်
သာစွကြည်  အမေတို့တိုက်ပြန်တော့
ဖြာလှပြီ  မသွေ စို့ကြိုက်ကာဖြင့်
လောက၌ လူ့အဖြစ်မသွေပါ
ပြုသစ်စေကာ အညစ်ကြေးကင်းအောင်ဖြင့်
နုမြစ် အနေမှာ  ရစ်ထွေးရှင်းပါလို့
( အို… တကယ် …) 
စားကောင်းခြင်းဖြင့် မစားရရှာသူ
များလူတွေ စက်ပျော်သန်းခေါင်ရိပ်သော်လည်း
အနားမယူပေ လက်ပေါ်အမောင်အိပ်အောင်ဖြင့်
ချော့သိပ်ပါလို့. စိတ်လက်ရှည်အစဉ်
နှိပ်စက်သလေထင် ဘယ်မရှိပါပဲ
တကယ်အတိ  များမေတ္တာတွေရယ်
သားချစ်မှာလေ  ဘယ်လိုပေးဆပ်ပါလို့
ပွားနှစ်အကြာပေ တကယ်ကိုထွေးအပ်ပါတဲ့
( အမေ့တို့ မေတ္တာကလေ …)  
အလေးထပ်မရစွာကွဲ့ စံပြပုံရေး အထူး
မွှေးမြတ်လှပါတဲ့  အနန္တ ဂုဏ်ကျေးဇူး။     ။

နန်းဧ ကရီ

//////

""အတွေး လည်ပြန် ""
-----------------------------------( လေးချိုး) ( 6.)

ညမှောင်ရီ ဟိုတရိုးမှာဖြင့်
လရောင်ခြည် ခိုကိုးပါလို့
ကြယ်အုပ်မိုးတဲ့ ဝဠာတစ်ခွင်
ဖြာကြယ်စင် ငါ့အတွက်သာဖြင့်
လင်းလက်နေမလား တမင်
ဆင်းသက်ကြွေမလား အထင်။

ထင်အတွေးကွယ် မျှော်ထောက်လေတော့
မြင်ရေးဘယ် မပေါ်ပေါက်လေဘု
မိုးအောက်အနှံ့ လိုက်ရှာမည်
မိုက်ပါသည် ငယ်အတွေးပေမို့
ဘေး,လည်း မမြင်။

အသက်ရလာပြီ
မနက်ညစာဆီ စိတ်ရောက်ပါလို့
မိုးအောက်မှာဖြင့်  နေလျက်ပင်
မရေတွက်ချင် ကြယ်မှုန်များ။

စားဝတ်နေ
များမချွတ်စေ ထမ်းဆောင်ရပါလို့
ညရဲ့လ ဘယ်အနေ
ဆန်းသလေ ဆုတ်မလဲတွေထက်
လုပ်မြဲလုပ်လျက် ကိုယ့်ဝမ်းစာ
မမှန်းသာ ကြယ်တစ်ပွင့်ရယ်နဲ့
လွမ်းစရာ ငယ်အခွင့်ကိုတော့
တွေးချင့်နေသား။      ။

နန်းဧ ကရီ

///////////

"""အဝေးရောက် အလွမ်းမီး "" (  7 )
___________________________ ( လင်္ကာလေးချိုး ) 

ကျွမ်းလို့သာ မြိုက်တော့တယ်
အမိုက်ပင် ရင်မှာပျိုးပါလို့
ခိုကိုးရိပ်အေး ၊ ဝေးထွက်ဖယ်။

မြို့ပြ ရဲ့လမ်းပေါ် ၊ မှန်းမျှော်ဝမ်းရေး
အလွမ်းအဆွေးတို့ ဖယ်ခွာ
မလွယ်ပါ ဘဝကြောင်းရယ်နဲ့
တိတ်ဟောင်းတဖန် ၊ မြင်မိပြန်သော်
ဝေးလံဒေသ ၊ရောက်နေရပြီမို့
သတိရလျှင် ၊ဘဝင်မချိလေလို့
ငိုမိပါတယ်။

တမင်တစ်ကာ
အကြင်နာ ဘယ်မထားပါလို့
စိမ်းကားပြင်ပြင် ၊ ရပ်ဝန်းကျင်တွင်
မရွှင် စိတ်လက် ၊အမြှီးကျက်စား
ဘက်သားမရှောင်၊ ဓလေ့ဘောင်မှာ
ချုပ်နှောင်ကာ ပင်ပန်းကြီးပါလို့
သီးပွင့် နိုး  မျှော်ကာကွယ်
တော်ရာမယ် နေ့တိုင်းလွမ်း။

မဆိုးမိုက်ပါပြီ
ဒီတစ်ခါ အိမ်ပြန်ရောက်လျှင်ကွယ့်
ဖေးထောက်ကူမ၊ အိမ်ကစေရာတွင်
နေကာပင်လျှင်၊ အမေ့ရင်အရိပ်မှာပေါ့
မှေးအိပ်လို့ဖြင့်၊ ချွေးသိပ်တင့်ချင်သည်
ပြန်ခွင့်အကြုံ ၊ဘယ်ပုံဘယ်ရက်ရယ်လို့
မျှော်လျှက်နေကာ ၊နေတိုင်းသာပင်
အိမ်မှာဘယ်သို့ ၊ နေလို့ပျော်ကြောင်းကိုတော့
ပြန်ပြောင်းတွေးမြင်၊ အမိရင်ကိုကွယ်
ခိုဝင်ချင်စိတ် ယိုဖိတ်လို့သာ
ဖွေရှာနေ ဘဝခရီးမှာဖြင့်
( အမိုက်မ မှာလေ) 
ပူမီးနဲ့ မှန်း။        ။

နန်းဧ ကရီ

////////////////
အမေ့သား ကျောင်းပြေး  (  8 .)
-------------------------------

အဖေမျက်ကွယ်ပြုလေတော့
အမေအသက်အရွယ်နုပါလို့
အဖေအတုရလာတယ် ။

ပွန်းပဲ့နေ နှလုံးသားမှာဖြင့်
နွမ်းယဲ့ကြေ အမုန်းခါးတွေနဲ့
စမ်းမဲ့လေ မပြုံးအားနိုင်ဘု
သားရင်နင့်ဖွယ်။ 

ကျောင်းနေဖော် သူငယ်ချင်းတွေက
စောင်းလေခေါ်. တကယ်ရင်းလို့လား
စနောက်တင်း ရှက်စရာ
မျက်နှာညို ခေါင်းငုံ့သျှိုးပါလို့
ကျောင်းမုန့်ဖိုးလေး ဆုပ်ကာကွယ်
ယောင်လယ်လယ် ကျောင်းလစ်မြဲ၊၊

အဖေ့မျက်နှာ ပြေးမြင်လိုက်ပြန်တော့
မမေ့ရက်စရာ အတွေးတွင် ခိုက်ပါရဲ့
သားအမိုက်ကိုတဲ့ တော်စေချင်
ကျောထက်တင် ကျောင်းတော်ပို့ကာပ
ချွေးစို့လို့ဖြင့် မောတယ်မဆို
အဖေ့ကို ချစ်တဲ့သားပေမို့
အမေ့ဆို အပြစ်ဖွဲ့အားလေခဲ့
သားမှားပြီပေါ့ အဖေရေ
ကျောင်းနေတာ သားအတွက်ပေမို့
အမှားမဖက် ခုဆင်ခြင်
အမေ့ရင် တကယ်အေးပါလို့
မမေ့အစဉ် တစ်နယ်အဝေးဆီက
ကျေးဇူးကိုဖြင့် မှန်းမျှော်ကာ
လမ်းပေါ်မှာ အနေမဖြုန်းပါဘု
တမ်းယော်စွာ အဖေပြုံးအောင်ကွဲ့
နှလုံးထက်စွဲ။         ။

နန်းဧ ကရီ

///////////

""နောင်တ မျက်ရည် ""
-------------------------------- ( လေးချိုး )  (  9.)

ပယ်ထားသူ ရင်သွေးရယ်လို့
အတွေစိတ် အရင်းခံ
စုံကန်ကာ သိုက်မြုံနန်းဆီမှ
ဘုံယံလွှာ အကြိုက်စုန်မြန်းမယ်ဖြင့်
ထွက်လှမ်းမိ တစ်ချီ။

တစိမ်းလူ သာယာစားတွေက
မထိန်းကူ ညှာသနားပါဘု
လူသားစိတ်  လုံးလုံးကွယ်တဲ့
အမြစ်တွယ် အမှောင်ဇာတ်မှာဖြင့်
အနစ်လွယ်  အရှောင်မတတ်လေလို့
ရစ်ပတ်လှည့် တဝဲလည်လည်
အကြမ်းနယ် ခိုရာမဲ့လေမှ
အလွမ်းကြွယ် ငိုကာနွဲ့လေတဲ့
ပြုံးလဲ့လဲ့ အမေ့ရင်ခွင်ကို
ပြန်မြင်ယောင် ပိုကြေကွဲတာမို့
ငိုပွဲကြုံပြီ ။  

မိုက်ဆိုးချင် 
အသိုက်ချိုးငင် အဝေးထွက်ကာဖြင့်
အကြိုက်တိုးဝင် အအေးဖျက်ပါတဲ့
လောကထက် ပျော်မွေ့မည်
မေ့နေသည် အပူမီး။ 

လောကပင်လယ်
သောကအစဉ်ကြွယ် အနေခက်လေမှ
အရှည်မတွက်ခဲ့ ကိုယ့်ဖြစ်အင်
စိတ်အထင် ရေလိုက်လွဲလေတော့
ကြိတ်မရွှင်  ငွေတိုက်ပွဲတွေနဲ့
ကြေကွဲခိုက်လည်း မရှောင်သာ
အမှောင်ရွာ နစ်သထက်မွန်းတာမို့
ချစ်မက်လွန်းတဲ့ အမေ့ထံ
ပြန်လာချင် သမီးဆိုးမှာဖြင့်
သံသရာခွင် အပြီးချိုးကာပ
ဇွတ်တိုးထွက် လှမ်းအလာ
အမေဟာ ကြိုနိုင်တော့ လေဘု
နှောင်းခဲ့ပေါ့ အိမ်အပြန်
ဆွေးရန်သာ အကြောင်းရောက် ပါလို့
တွေးဖန်ခါ  အကောင်းပျောက်လေတဲ့
( အမေ့သမီးကလေ.) 
နောက်ကျသူကြီး။       ။

နန်းဧ ကရီ

////////
//
ပမာနှိုင်း မဲ့ မိခင်
--------------------------  ( 10.)  ( ဥဩ သံချိုဆင့် )
အမေ့ဂုဏ်အင်  ဋီကာဆင်
စာတင်ရေးမှန်  ခက်လှတယ်
ပမာသွင်ပေးရန် ရှက်စွကွယ်။

ပဋိသန္ဓေ တည်ကာနေ
အမေ အနေခက်တာ သိကြကွယ်
အသေ မတွက်ပါ  အမိမှရယ်။

နို့ချိုရည်ပေး သားရင်သွေး
ချိုအေးကြင်နာ စဉ်သာရယ်
အိုအေး ယှဉ်ကာ ငြင်သာတယ်။

လမ်းမှန်ရောက်အောင် နည်းပြဆောင်
သားမောင်ကောင်းအောင် ညွှန်ရှာတယ်
မမှားနောင် ခေါင်းဆောင် သွန်ပါတယ် ။

တရားသိစေ မေ့သားရေ
မသွေညွှန်ရှာ တရားတွေကွယ်
အမေသွန်လာ  မမှားစေဖွယ် ။

အမေ့မေတ္တာ ပန်းပမာ
လန်းဖြာဝေတယ် နေ့စဉ် ကွယ်
မနွမ်းကာ နေဖွယ်  တွေ့မြင်တယ်။

အမေ့ဂုဏ်ထူး ညွှန်းဖော်ကြူး
ရည်စူး စာစီ မကုန်တယ်
မမှီဘူးပမာညီ အစုံကွယ်။

နန်းဧ ကရီ 
//////

မေမေ ပြောသော . ဒဿန
------------------------------------  (   11.  )

အမေညွှန်ပြ ၊ဒသနကား
ဘဝများဆက် ၊စားစေလျက်မှ
တသက် မကုန်  ၊ဘဝဘုံတွင်
နိမ့်တုံ မြင့်တက် ၊ခံမခက်စေ
ညွှန်ချက် ဖော်ပြ ဒဿန။

လူဆိုးလူမိုက် ၊ပေါင်းအလိုက်သာ
မကြိုက်ပါနှင့် ၊ပမာချင့်သော်
ညှီဖြင့် ထုပ် လာ ၊ဖက်ပမာတည်း။

သူတော်သူမြတ် ပေါင်းဖက်အပ်သည်
စွဲမှတ် ညီစွာ၊မွှေးနံ့ သာကို
ထုပ်ရာဖက် ၌ ၊ရနံ့ လိုက်သို့
ကြုံကြိုက် ညွှန်းလစ်၊ဆုံမသစ်သည်
တို့ ချစ်မေမေ၊ ဒဿနပေ။

သုံးပါး အလှ ၊မြတ်ဓမ္မ နှင့်
သံဃာ့ဆရာ ၊စော ဗုဒ္ဓါပြင်
သက်ဝါကြီးကြ. ၊ အမိဖတို့
ဆုံးမသည် ကို ၊ မှတ်သားထိုထို
ပြောဆိုစကား ၊မရိုင်းငြားက
လူကြားနတ်ထိ ၊ပျံ့စေဘိသည်
သတိထား ကာ ၊နေအပ်စွာ ။

အရာရာတွင် ၊သတိယှဉ်ကာ
သွန်သင် ဆုံးမ ၊လူလုံးလှအောင်
အရဆောင်ယူ ၊ စိတ်ထား ဖြူ၍
နတ်လူ ထက်ဝယ် ၊အသိကြွယ်ရေး
နှောင်တွယ် ရင်သွေး  ၊ပညာပေးသည်
ဆိုရေးသင်ပြ ၊တို့ ဗုဒ္ဓ၏
မြတ်စွ မင်္ဂလာ တရားပါ။

မျိုးရိုးစဉ်ဆက် ၊စောင့်ထိန်းလျှက်ဖြင့်
ဆင်းသက်လာလေ ၊လှုမျှဝေ၍
မျိုးဆွေဉာတိ ၊ပြန်လည်ကြည့်ကာ
ပီဘိလူ့ဝတ် ၊သွေ မချွတ်အောင်
တတွတ်တွတ်သာ ၊မြဲကြားနာခဲ့
မွေးမာတာမှ စဉ်ဆုံးမ၏။

လောကီမှုဝယ် ၊နိမ့်မြင့်ရယ်ဟု
ရှိတယ် စွဲမှတ် ၊ မြဲမပြတ်သာ
ထပ်ထပ်ခါခါ ၊ဝမ်းသာဝမ်းနည်း
မှတ်စွဲ မရှိ ၊နေသတိနှင့်
မငြိမကပ် ၊ မမြဲ မှတ်သင့်
ထပ်ထပ် ရှုပွား ၊တရားသဘော
ပြောပြ မိခင် ၊ကျေးဇူးရှင် ၏
သင်ပြပေးလာ ဒဿနပါတည်း။    ။

နန်းဧ ကရီ

///////////

^^^^^^^အိမ်အလွမ်း ^^^^^^^^
---------------------------------------       ( လေးချိုး ) ( 12.)

ဝေးတစ်နယ် ရက်ကြာလွန်း လေတော့
ဆွေးမပြယ် ဆက်ကာတမ်းပါရဲ့
မောင်လွမ်းမိတဲ့ အမေ့ရွာ။

ကြူထရံ  ဝါးကပ်ဆွေးပေမယ့်
တူခြံရံ ပါးအပ်ထွေးပါလို့
မေတ္တာသွေးတို့. မွှေးပျံ့ရာ
တေးနံ့သာ ဟစ်သီကြွေးလေခဲ့
ချစ်ကြည်ရေးဖြင့် မပျက်ပြယ်
မိုးသက်ကယ် ဖွာလန်ကြဲပေမယ့်
မဟာဆန်ဆဲလို့ စိတ်မှာထင်
သိပ်ပြန်ချင် အိမ်ကလေးဟာဖြင့်
ဝေးတစ်နယ်ပါ။

မီးနီယွန် အရောင်လက်ပေမယ့်
မောင်မမက် မမွေ့ပျော်
နေ့စဉ်သော် စိတ်ကမှန်းနေရဲ့
အတိတ်နန်း  အေးရိပ်သာ
တွေးစိတ်မှာ လွမ်းနေဆဲ။

တမ်းပါသလေ
ဝမ်းစာဖွေ တစ်ပြည်ဖက်မှာဖြင့်
လွမ်းကာနေ အမေချက်ပါတဲ့
ဟင်းရံခွက် ငပိဖျော်ကို
ခေါင်းမဖော် ငုံ့ကာလွေးတယ်လို့
ဆွေးမျက်ရည်ဝဲ ၊၊   ။    

နန်းဧ ကရီ
//////

အပယ်ခံသား ဂြိုလ်ဆိုး ""  (  13.)
--------------------------------- ( လင်္ကာ / ဝတ္ထုကဗျာ )

အမေကမွေး ၊ အဖေကျွေးသည့်
ရင်သွေး ခြောက်ယောက် ၊ သားချင်းပေါက်တွင်
ဦးဏှောက် ဉာဏ်လွှာ ၊ ထုံထိုင်းရှာသော
သညာ ပေတိုး ၊ နာမည်ယိုး၍
ဂြိုလ်ဆိုးသူငယ် ၊ ဝိုင်းပစ်ပယ်လျှက်
မတွယ်တာကြ ၊ မိနှင့်ဘသည်
နှိမ့်ချဆက်ဆံ ၊ အပယ်ခံတည်း။

စီးပွားလူမှု ၊ ဒုက္ခစုသည်
ပြုဟောင်းမထင် ၊ ဂြိုလ်ဆိုးဝင်၍
ပစ်တင်ဆိုပြော ၊ နှိမ်သဘောကို
ကြားသောဟန်ပန် ၊ မရှိပြန်ဘဲ
မျက်မာန်မညှိုး ၊ သွားကြဲကျိုးနှင့်
ခိုးခစ်သံမြည် ၊ ပြုံးရွှင်ကြည်၏။

အရွယ်ရောက်လျှင် ၊ ပညာသင်ဖို့
အိမ်တွင် စီးပွား ၊ ဥစ္စာပါး၍
သားသမီးဝယ် ၊ ဉာဏ်မကြွယ်သည့်
သားငယ်ဂြိုလ်ဆိုး ၊ပညာတိုးရန်
သင်ရိုးမစေ ၊ အိမ်တွင်းနေကာ
လိုလေသမျှ ၊ စေခိုင်းကြရင်း
တစ်စတစ်စ ကြီးပြင်းပြီ။

ခြေလက်ပေါ့ပါး ၊ ခိုင်းစေသွား၍
အားထားရသူ ၊ စိတ်ရင်းဖြူကာ
ကူညီလိုက ၊ မဆိုင်းတွဘဲ
သယ်မ ကူညီ ၊ ဂြိုလ်ဆိုးသည်ကား
အတည် လုပ်ငန်း ၊ မတတ်စွမ်းလည်း
ထမ်းပိုးရေငင် ၊ အိမ်တိုင်းဝင်၍
ငွေရွှင် လက်ရ ၊ အိမ်သို့ကျ၏။

မောင်နှမချင်း ၊ သွေးအရင်းလည်း
ကင်းမဲ့ညှာတာ ၊ ခိုင်းစေကာဖြင့်
သဒ္ဓာမထား ၊ နှိမ့်ချပွါး၍
ဆွေကြားထင်ပေါ် ၊ အမျိုးတော်ဟု
ထုတ်ဖော်မပြ ၊ ပြုကုန်ကြ၏။

ဘယ်သို့မူမူ ၊ ကူမြဲကူကာ
ဘယ်သူ နှိပ်စက် ၊ ပြုံးမပျက်ဘဲ
ဆက်ကာကူညီ ၊ ဂြိုလ်ဆိုးသည်ကား
ပီပြင် အပြုံး ၊ အမြဲသုံး၏။

တစ်နေ့ခါတွင် ၊ သူ့မိခင်သည်
ကိုယ်တွင်ကပ်စွဲ ၊သန္ဓေ ခဲမှာ
မမြဲလျှောလေ ၊ အခြေနေကြောင့်
သေမည်လေလား ၊ သောကများ၍
အိမ်သားတစ်တွေ ၊ ညှိုးငိုင်နေလျှက်
အဖြေမရှိ ခက်ခဲဘိတည်း။

ငွေကြေးပိုက်ဆံ ၊ မရှိပြန်၍
စိတ်ကြံမရ ၊ လက်မှိုင်ချကာ
ကူမ မည့်သူ ၊ မရှိမူခိုက်
အပူတပြင်း ၊ ငွေလိုခြင်းကြောင့်
စိတ်တွင်း ဒုက္ခ ၊ ရောက်ခဲ့ရသော်
ကူမလို့ပေး ၊ ဂြိုလ်ဆိုးလေးတည်း။

အမေ့ဆေးဘိုး ၊ ခွန်အားတိုးကာ
မျှော်ကိုးဖွေရှာ ၊ အသပြာကို
ရလာအခိုက် ၊ ဆေးခန်းလိုက်၍
ပျော်ပိုက်ဝမ်းသာ ၊ ပြေးအလာဝယ်
ဓာတ်စာဆေးဝါး ၊ ဝယ်လိုအားကြောင့်
ကားများမမြင် တိုက်မိစဉ်ဝယ်
ကိုယ်ပင်တခြား ခေါင်းတခြားနှင့်
လက်ကားကိုင်ယူ ၊ ငွေစမူကို
သူလေမလွှတ် ၊ အသက်ကျွတ်ခဲ့။

သနားစဖွယ် ၊ မျက်နှာငယ်နှင့်
မကြွယ် ဉာဏ်စွမ်း ၊ အသိနွမ်းကာ
မခမ်း မေတ္တာ ၊ ပေးချင်ရှာသည်
လူသာသေလည်း ၊ သူ့လက်ထဲမှ
ကျစ်ခဲ ဆုပ်ကိုင် ၊ ငွေစပိုင်ကို
သေတိုင်မချ သနားစွ။     

ဪ …
ဂြိုလ်ဆိုး ဂြိုလ်ဆိုး ၊ နာမ ယိုး၍
တိုးဝင်လူခြေ ၊ မရလေလည်း
သေသည်အထိ ၊ စိတ်ကောင်းရှိလျှက်
သိတတ် လိမ္မာ ၊ သူ့ မေတ္တာအား
သေရွာရောက်လည်း ပြခဲ့မြဲ၏။

သနားစရာ ပေတိုးမှာကား
သေခါမှပဲ ၊ ဂြိုလ်ဆိုးလွဲ၍
မှတ်စွဲအမည် ၊ ကျွတ်လေပြီတည့်
ငိုမြည်တမ်းတ ၊ ချစ်ပါလှဟု
အော်ကြဆူပူ ၊ သေသောသူမှာ
ဘယ်မူမသိ ၊ငြိမ်းပါ ဘိတည်း။       ။

နန်းဧ ကရီ
/
////

"""အမေရဲ့ ပုံပြင် """   (  14.)

လသာညဆို ၊ အိမ်ကြမ်းအိုမှာ
ပေါင်ကို ခေါင်းအုံး ၊ မေ့ အပြုံးနှင့်
နှလုံးပျော်ရွှင်  ၊ ပုံနားဆင်၍
အိပ်ချင်တယ်လည်း မရှိပြီ။

အမေ့ကိုလွမ်း ၊ စိတ်မောပန်းလို့
ဝမ်းရေးနေ့စဉ် ၊ ရွှေလမြင်လည်း
မရွှင်မပျ ၊ မှိုင်တွေရမို့
ပြန်တလိုချင် ငယ်ရွယ်စဉ်။

နန်းဧ ကရီ
/
///

""အလွမ်း မလွယ်တဲ့ ပန်းသည် အမေ""
-------------------------------------------- ( လေးချိုး )  ( 15)

ကျွန်မလေ ပန်းရာင်းထွက်ပါလို့
ဘဝနေ ဝမ်းကျောင်းလျှက်သာဖြင့်
အလွမ်းဟောင်းဖက် မတွေးကြာ
အလေးသာ စားနေမှုပါပဲ
အားစေပြု အမြဲစဉ်။

တစ်နေကုန် ရာသီကောင်းလျှင်တော့
မေမတုန် ခါမီရောင်းပါလို့
တောင်းအလွတ် နဲ့ ပြုံးရွှင်ကာ
ရှုံးလျှင်သာ မှိုင်တွေငေးပြီပေါ့
အကြွေးတွက် ပူစွမှန်
ယူရဖန် နေ့ပြန်တိုးကိုဖြင့်
ညှိုးငယ်စွာပင်။

ရင်သွေးငယ်  သမီးသားကိုဖြင့်
သင်ပေးမယ်  ကြီးပွားအောင်လို့
မညည်းတွား ကျောင်းသို့နှင်
ကောင်းဖို့မြင် မျှော်တွေး။

အတိုးယူ အတိုးဆပ်ရယ်နဲ့
တစ်မျိုးပူ စိုးမပြတ်ပါဘု
ကြပ်လွန်းပါတဲ့ စားဝတ်နေ
အားဇွတ်စေ နေကုန်ရုန်းပေမယ့်
ဖွေမဆုံး များလိုအင်
ပွားဆိုလျှင် ကျောင်းလခ ရယ်နဲ့
မောင်းချ တော့မယ့် အိမ်ကြီးရှင်
မှိန်ပြီးလျှင် ကံမတက်လေလို့
အခံဖက်က နင်းပြားမှာ
ရင်းထာရှာ  ဘဝအမောတွေကြောင့်
မပျင်းအားပါ  ခဏမချော လေလို့
ဇောစိတ် ပူသေး။           ။

နန်းဧ ကရီ

ဘဝတွေထဲက ဘဝတစ်ခု အကြောင်းလေးပါ
မိတ်ဆွေ တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဆိုလည်း မမှားပါဘူး။
ဒီ အကြောင်းအကျိုးနဲ့ နေ့စဉ် သံသရာလည်နေသူတွေ
မိမိ ပတ်ဝန်းကျင်မှာ ရှိနေအုံးမှာပါပဲ။

ပန်းနဲ့စမ်းရဲ့ မေတ္တာ ( သို့)  မွေးနေ့ ကန်တော့ပန်း
-------------------------- ( လေးချိုး )  ( 16 .)

မေတ္တာတော် အနန္တတွေဖြင့်
လှစ်ကာဖော် စံပြပါပဲ
အမှန်ဘဝရဲ့ ကျေးဇူးရှင်။

မမွေးမှီ ရေကြည်စ လျှင်ဖြင့်
အတွေးသီ နေမည်လှ စေဖို့
ဝေစီခတဲ့ အေး မေတ္တာ
ပေးချစ်တာ  သားသမီး ကိုဖြင့်
ပွားစီးလိုအင်။

အစဉ်သာ အရိပ်ပေးလို့ဖြင့်
ရင်မှာလေ စိတ်မလေးပါဘူး 
အသွေးသားတို့ အတွက်ပင်
အသက်လျှင် ပေးဆပ်သုံး။

ပန်းဝေဖြာ မေတ္တာသက်ပါလို့
စမ်းစေရာ လှစ်ဖြာချက်ကိုဖြင့် 
အဆပ်ခက် ဘယ်မကုန်
ကြွယ်အစုံ အဆပ်ခဲပေမယ့်
မှတ်အမြဲ နေ့ညသာ
မေ့မရပါ ထိုကျေးဇူးကိုကွယ် 
ဦးချမဆုံး။         ။

နန်းဧ ကရီ

""နေ့တိုင်း အမေနေ့ ""
----------------------------- (လေးချိုး  )   ( 17.)

အဖေသာ ရေရာမသိလျင်လည်း
အမေဟာ သေချာရှိပါရဲ့
လောက၏ ဓမ္မတာ။

အကြောင်းတွေ အမျိုးမျိုးဖြစ်လေလို့
မကောင်းလေ ဆိုးဆိုးပစ်ပေမယ့်
ဖြစ်ညှစ်လို့ မွေးလေသူ
သွေးသားကူ မဖွားခဲ့လျင်ဖြင့်
အများနဲ့. ပမာညီ ပင်
ဘယ်ဆီတွင်  လူဖြစ်ဝေးတယ်လို့
တွေးသိစေရာ။

ပညာဉာဏ် ချို့မူမများလေတဲ့
အစဉ်သာဖန် တို့လူသားတွေက
ခြားနားရဲ့ တိရစ္ဆာန်
မှန်စွာပင် အဖြေတွေ့ပါလို့
မမေ့အပ် ကျေးဇူးသာ
တွေးဦးစွာ  သိရေး။

မေလတွင်  အမေနေ့ပါတဲ့
မမေ့တတ် သူတွေတွင်
နေ့တိုင်းလျင် အမေ့နေ့ပါပဲ
ကြုံတွေ့ရ. လူ့ အနေတွင်
အမေသည် အနန္တ ဂိုဏ်းပေမို့
မသွေညီ စံပြတံတိုင်းပါကွဲ့
မရိုင်းဖို့တွေး။   ။

နန်းဧ ကရီ

Monday, May 15, 2017

သူမသိအောင် ရေးတဲ့စာ

»» ဒါကတော့ မင်းဆီမပို့တဲ့ စာပါ ««

ဒီရက်တွေကို ပျော်ချင်ယောင်ဆောင်ထားတဲ့ ရက်စွဲတွေလို့ အမည်ပေးထားတယ် ။ ညနေခင်းတိုင်းဟာ အလွမ်းရောင်သမ်းလို့ ။ ကိုယ့်တနေ့တာဆိုတာ နေဝင်နေထွက် မတူတဲ့အရပ်ဆီက လာမယ့်အသံလေးကို စောင့်မျှော်နေရင်းနဲ့ ကုန်ဆုံး ။ နားကြပ်လေးထဲမှာပဲ ဘဝကြီးတစ်ခုလုံး ရှိတယ်လို့ ယုံထားရတယ် ။

ကိုယ်က အဝေးကြီးလို့ပြောတော့  သွေးနီးပါတယ်လို့ မင်းပြောတယ်နော် ။ အင်းပါ ။စွယ်တော်ရွက်တွေမြင်တိုင်း ကိုယ့်မှာ မနာလိုစိတ်တွေအားကြီးနေတာ မင်းမသိစေချင်ဘူး။ မင်းကိုယ်ငွေ့နဲ့ ထွေးမှ နွေးချင်တဲ့ကိုယ့်ရဲ့စိတ်ကို မင်းမမြင်စေချင်ဘူး ။ " တောင်ပံပါရင်မင်းဆီကို " သီချင်းကို နားထောင်ပြီးတော့ တကယ်တမ်း ကိုယ့်မှာ တောင်ပံတွေမပါလို့ဆိုပြီး မောနေအောင်ငိုရတာကို မင်း မကြားစေချင်ဘူး။ မင်းမှမဟုတ်ရင် ဘယ်လို ရာသီဥတုကမှ ကိုယ့်ကို မသာယာစေဘူးဆိုတာ မင်း မတွေ့စေချင်ဘူး ။

မင်းရှိမှဖြစ်မှာ လို့ ဆိုခဲ့ပေမယ့် မင်းမရှိတော့လည်း ဖြစ်အောင်နေလိုက်ရတာပဲ ။ အစပိုင်းတော့ အခက်အခဲရှိတာပေါ့ ။ အလေ့အကျင့်ဆိုတာ လုပ်ယူရင် ရပါတယ်လို့ မင်းပြောဖူးတယ် မဟုတ်လား။ ကြည့်လေ အခုဆို မင်းမပါဘဲနဲ့ ကိုယ်တစ်ယောက်တည်း လွယ်လွယ်ကူကူ လမ်းဖြတ်ကူးနိုင်ပြီ ။ ကိုယ်လိုချင်တဲ့ စာအုပ်တွေကို မင်းအကူအညီမပါဘဲနဲ့ ရှာနိုင်ပြီ ။ နှစ်ယောက်အတူစိုက်ခဲ့တဲ့ နှင်းဆီပင်တွေလည်း ကိုယ့်ရဲ့ရေလောင်းပေါင်းသင်မှုအောက်မှာပဲ အပွင့်တွေဝေနေပြီ။ တခါတလေတော့လည်း သူတို့သာ စကားပြောတတ်ရင် မင်းကို သတိတရမေးနေကြမလားလို့ ကိုယ်က တွေးမိသေးတာ။ ထားပါ။ ကျန်တဲ့အရာတွေမှာလည်း ဒီလိုပဲ ကိုယ်အဆင်ပြေပါတယ်။

ကိုယ်က အဆင်ပြေတယ်လို့ ပြောနေရင် ပြေတယ်ပေါ့ ။ ဘာလို့ မယုံသင်္ကာနဲ့ ခဏခဏမေးနေရတာလဲ ။ ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာတွေပေါ်က ငိုနေတဲ့emoji တွေရဲ့ တစ်ရက်ပြီးတစ်ရက် ( တစ်ရွက်ပြီးတစ်ရွက် ) ကူးစက်ပျံ့ပွားနှုန်းကို ကိုယ် ဘယ်တော့မှ မင်းကို ပေးသိမှာ မဟုတ်ဖူး ။ ဟုတ်တယ်လေ ။ ကိုယ်ကတော့ ကမ္ဘာတစ်ခုလုံးနဲ့ လွဲချင်လွဲ ။ မင်းကိုတော့ ဘယ်ပျော်ရွှင်မှုနဲ့မှ မလွဲစေချင်ဘူး ။ ကိုယ်က သိပ်ပြီးအလိုမကြီးပါဘူး ။ မင်းသာ ပျော်နေမယ်ဆို ကိုယ်မပါလည်း ရတယ် ။

သတိရစိတ်ကတော့ အတွင်းသားထဲတင်မကဘူး ။ အရေပြားပေါ်ထိ တက် တက်ဖျားတယ် ။ မိုင်ထောင်သောင်းချီဝေးတဲ့အရပ်ဆီကိုငေး စိတ်မှန်းနဲ့ပျံသန်းလာတတ်တဲ့ အနမ်းတွေကို စောင့်စောင့်ပြီး ချိုတယ်လို့မှတ်ရတာပဲ။ ငိုရတာတော့ လက်တွေ့ပေါ့ ။ ရေဒီယိုကလာတဲ့ အဆွေးသီချင်းတိုင်းက ကိုယ့်ရဲ့ အမြဲတမ်းအဖော် ။ မီးဖိုဘေးမှာထိုင်ပြီး အေးနေတဲ့ကိုယ့်စိတ်တွေဟာ မင်းမရှိတာနဲ့ တိုက်ရိုက်အချိုးကျနေမလား ။ ရုပ်ရှင်တွေထဲကလို နှစ်ယောက်အတူစပြီး တစ်ယောက်တည်းဆုံးတဲ့ လမ်းတွေဟာ မင်းနဲ့ကိုယ်များ ဖြစ်နေမလား ။ မင်းနာမည်တွေ အော်ခေါ်တိုင်းသာ အဝေးကြီးဆိုတဲ့တံခါးကြီး ပွင့်သွားရင် သိပ်ကောင်းမှာပဲ။

ပြိုလဲနေတာ ကိုယ်ပါ ။ စကားလုံးတွေ မဟုတ်ဘူး ။ ဒါကို မင်းသိဖို့ မလိုဘူး ။ မင်းက မတတ်သာလို့ပါ ဆိုတဲ့ စကားလုံးကို တွင်တွင်ပြော ကိုယ်ကလည်း ရှိစေတော့ ဆိုတဲ့အပြုံးကို ရင်ထဲကမပါဘဲ နှစ်နှစ်ခြိုက်ခြိုက်သုံးလို့ ။စက္ကူနဲ့ငှက်ရုပ်လေးခေါက်မယ် ။ မင်းအပေါ်မထားခဲ့တဲ့ အတ္တနဲ့ ဘယ်ကိုမှထွက်သွားလို့မရအောင်  ကိုယ့်အနားမှာပဲ သူ့ကို ချည်နှောင်ထားမယ်။ မင်းကိုတော့ ချစ်ခြင်းအားဖြင့် ရှေ့ဆက်ပြီး ဝေးပါ့မယ် ။

ပိုပိုဖီးနစ်(credit)

Tuesday, May 9, 2017

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့  (၁)

“ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day”
••••••••••••••••••••••••••••••
ကဆုန်လပြည့်ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့
အထွဋ်အမြတ်ထားရာ “ဗုဒ္ဓနေ့” ဖြစ်ပါတယ်။
ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာဆိုရင် မဟာလူသားမြတ်ဗုဒ္ဓ၊
သစ္စာတရားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာ
ဘုရားရှင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့
“ကဆုန်လပြည့်ဗုဒ္ဓနေ့”လို့ခေါ်ဆိုပြီး နိုင်ငံတကာသုံးအနေနဲ့တော့
“ကဆုန်လပြည့်နေ့”ကို “ဝိဆက်ဒေး” (Vesak Day) သို့မဟုတ်
“ဝိဆာခါဒေး” (Vesaka Day) လို့ခေါ်ပါတယ် ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေမတူညီသလို
အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို
ဝိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊
ဗုဒ္ဓဇယန္တိ(Buddha Jayanti) လို့လဲ အသိများပါတယ်။
ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊
ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊
အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊
သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊
တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း (fó dàn) ၊
တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီးခေါ်ဆို
အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။
လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ပွဲတော် တစ်ခုရှိပါတယ်။
အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)
လို့ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။
အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့
“ကဆုန်လပြည့်” လို့ ဆိုလိုပါတယ်။
သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊
ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ
ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ်
သတ်မှတ်ထားကြပါတယ်။

၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို
သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါညီလာခံမှာ
မြတ်စွာဘုရားရဲ့မွေးနေ့ကို “၀ိဆက်နေ့”အဖြစ် ပွဲတော်ကျင်းပကြဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက် အခါတော်နေ့ရောက်တိုင်း
တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့
ထူးခြားတဲ့အဖြစ်အပျက်များကို အမှတ်တရဂုဏ်ပြုလေ့ရှိကြပါတယ်။
တခါတရံ “ဗုဒ္ဓနေ့”လို့လဲသုံးကြပါတယ်။

ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်
ထူးခြားတဲ့အချက်(၅)ချက်နှင့် ပြည့်စုံသည့်အတွက်
နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ထိုငါးချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

(၁)။ဗုဒ္ဓမြတ်စွာဘုရား လောင်းဟာ သုမေဓါရှင်ရသေ့ဘဝနဲ့
ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတဲ့လမ်းခရီးမှာ မိမိကိုယ်ကိုတံတားအဖြစ်ဝမ်းလျားမှောက်ပေးတော်မူပြီးနောက်
ယသော်ဓရာ အလောင်းသုမိတ္တာမိန်းကလေးထံမှကြာပန်းကိုယူလျှက်
ဒီပင်္ကရာမြတ်စွာဘုရားအား လှူဒါန်းတော်မူပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားရှင်မှအလှုကိုလက်ခံတော်မူပြီး
ဒီရသေ့ဟာ နောက် လေးသင်္ချနဲ့ ကမ္ဘာတစ်သိန်းအကြာ
ဘဒ္ဒကမ္ဘာမှာ ဂေါတမဘွဲ့တော်နဲ့ ဘုရားစင်စစ်ဖြစ်မယ်ဆိုတာကိုတာ
“ဗျာဒိတ်တော်” ထားတဲ့နေ့ဟာ ဒီကဆုန်လပြည့်နေ့ဖြစ်ပါတယ်။
(၂) ။ ဘုရားလောင်းရဲ့နောက် နောက်ဆုံးဘဝ သိဒ္ဓတ္ထမင်းသားအဖြစ်
မဟာသက္ကရာဇ် ၆၈ ခုနှစ် ၊ ကဆုန်လပြည့် နေ့ (ဘီစီ ၆၂၃ )သက္ကတိုင်း ၊
ကပိလဝတ္ထုမြို့တော်နဲ့ ဒေဝဒဟမြို့အကြားမှာရှိတဲ့
လုမ္ဗနီအင်းကြင်းတောမှာဖွားမြင်တော်မူခဲ့ပါတယ်။
ဒါကြောင့်မြတ်စွာဘုရားရှင်မွေးနေ့ဟာလည်း
ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲမြတ်စွာဘုရာှးရင်ရဲ့ ဖွားဘက်တော်တွေဖြစ်တဲ့
ညီတော် အာနန္ဒာ ၊ ယသော်ဓရာမိဖုရား ၊
ဆန္ဒအမတ် ၊ကဏ္ဍကမြင်း ၊ မဟာဗောဓိညောင်ပင်နှင့် ရွှေပလ္လင် ၊
ရွှေအိုးကြီး ၄ လုံးတို့ပါတပြိုင်တည်းပေါ်ထွန်းခဲ့ပါတယ် ။

(၃) ။ မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။
ဒီဘုရားဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာပဲ မြတ်စွာဘုရားရှင်က အတွင်းရန်ဖြစ်တဲ့ကိလေသာရန်ကိုအောင်မြင်တော်မူခဲ့ပြီး၊
အပြင်ရန်ဖြစ်တဲ့မာနတ်ရန်ကိုအောင်မြင်တော်မူခဲ့ပါတယ်။
သမ္မာသမ္ဗုဒ္ဓဘုရားများသာရရှိအပ်သော
သဗ္ဗညုတရွှေဥာဏ်တော်ကြီးကိုလည်း ဒီကဆုန်လပြည့်နေ့မှာပဲ
ရရှိတော်မူခဲ့တာဖြစ်ပါတယ်။

(၄) ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးတစ်နှစ်အကြာ
မဟာသက္ကရာဇ် ၁၀၄-ခုနှစ် ကဆုန်လပြည့်နေ့(ဘီစီ ၅၈၇) သာဝတ္ထိမြို့၊
ဇေတဝန်ရွှေကျောင်းတော်ကြီးမှာ “ဗုဒ္ဓဝင် ပါဠိတော်ကြီး”ကို
ဟောကြားခဲ့ပါတယ်။ ဒါကြောင့်ဘုရားရှင်ရဲ့ဖြစ်စဉ်တော်
ဗုဒ္ဓ၀င်ကိုဟောကြားခဲ့တာလည်း ဒီကဆုန်လပြည့်ပဲဖြစ်ပါတယ်။

(၅) ။ မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ် ၄၅ ဝါပတ်လုံး
တရားဓမ္မဟောကြားပြီး သတ္တဝါတို့အကျိုးကို
နေ့မနားညမအားကြိုးစားဆောင်ရွက်တော်မူခဲ့ပြီး
မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ကဆုန်လပြည့် (ဘီစီ ၅၄၃)နေ့
ကုသိနာရုံပြည် ၊မလ္လာမင်းတို့ရဲ့အင်ကြင်းစုံစုံပေါက်ရောက်နေသော
အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ် ။
ဒါကြောင့် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတာလဲ
ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ်။

ဒီလိုထူးခြားတဲ့ အချက် ( ၅ ) ချက်နဲ့ ပြည့် စုံနေတဲ့
ကဆုန်လပြည့်နေ့ကို
“ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်” လို့
မှတ်ရလွယ်အောင်သင်္ကေတ ပြုထားကြပါတယ်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ ဓလေ့မှာတော့
ကဆုန်လပြည့် ဗုဒ္ဓနေ့ ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး
ဗုဒ္ဓရဲ့အမှတ်အသားအပင်ဖြစ်တော်မူတဲ့ ဗောဓိညောင်ပင်တို့ကို
ညောင်ရေ သွန်းလောင်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊
ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့ လုပ်ဆောင်ကြပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့  (၂)
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။

မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ညောင်ပင်ဟာ ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့ သစ်ပင်ဖြစ်ပါတယ်။ ဒီသစ်ပင်အောက်မှာ သစ္စာလေးပါးတရားကို သိတော်မူပါတယ်။ ဒါကြောင့် ဒီညောင်ပင်ကိုလည်း ဗောဓိညောင်ပင်လို့ ခေါ်တာပါ။ တကယ်တော့ ညောင်ပင်မှ မဟုတ်ပါဘူး။ ဘုရားရှင်တို့ သစ္စာလေးပါးသိရာမှာ အမှီပြုရတဲ့ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်ကြခြင်း ဖြစ်တဲ့အတွက် အကယ်၍ သရက်ပင်အောက်မှာ သစ္စာဉာဏ်သိရင် အဲဒီသရက်ပင်ဟာ ဗောဓိပင်ပါ၊ အလားတူ ကုက္ကိုပင်၊ အင်ကြင်းပင်၊ ညောင်ပင်စတဲ့ ဘယ်သစ်ပင်ကိုမဆို ဘုရားရှင် သစ္စာဉာဏ်သိရာ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးကိုသိပြီး ဘုရားဖြစ်တော်မူတဲ့ ညောင်ပင်ကိုလည်း ဗောဓိပင်လို့ သတ်မှတ်ကြခြင်းပါ။ ညာင်ပင်မှန်းသိအောင် ဗောဓိညောင်ပင်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီတော့ ဘုရားရှင် သစ္စာဉာဏ်သိတဲ့ ဒီညောင်ပင်ဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် တစ်ခုအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် ညောင်ပင်ဟာ စေတီလေးမျိုးထဲမှာ ပရိဘောဂစေတီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘုရားရှင် မရှိတော့တဲ့နောက်ပိုင်း လူအများကိုးကွယ်ဖို့နဲ့ ကုသိုလ်ပြုရာဌာနအဖြစ် ခွင့်ပြုတဲ့ စေတီများထဲမှာ ပရိဘောဂစေတီလည်း ပါတဲ့အတွက် ဒီညောင်ပင်ကို ရေစင်သွန်းလောင်းပြီး ပူဇော်ခြင်းဟာ စေတီကို ပူဇော်ရာရောက်တဲ့အတွက် ကုသိုလ်ဖြစ်ပါတယ်။ တစ်ခြားအရာတွေနဲ့ မပူဇော်ပဲ ရေလောင်းပူဇော်ခြင်းက ဒီကဆုန်လဟာ အလွန်ပူပြင်းခြောက်သွေ့တဲ့ လဖြစ်တဲ့အတွက် စေတီတော်ကို ပူဇော်ရာတွင် လိုအပ်တဲ့အရာကို ပြုလုပ်ပူဇော်ခြင်းက ပိုပြီးအကျိုးများတယ်လို့ ယုံကြည်လက်ခံ ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူရာ ပရိဘောဂစေတီ ဖြစ်တဲ့ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၃)

ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့

“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။

ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ။

ဒီလို အနှစ်သာရတွေကို သိရှိပြီး  ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်ကို လက်ခံထိန်းသိမ်းကျင့်းပ သင့်ကြပါတယ်။ ပြီးတော့ ဒီလို လက်ခံကျင်းပရုံနဲ့လည်း မပြီးသေးပါဘူး။ လိုက်နာကျင့်သုံးကြဖို့လည်း လိုပါတယ်။ ဗုဒ္ဓကို ကြည်ညိုရင် ဗုဒ္ဓဆုံးမတော် မူတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး နေထိုင်ပြရပါမယ်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ``ငါဘုရားဟာ ကယ်တင်ရှင်မဟုတ်ပါဘူး၊ လမ်းပြပေးသူသာ ဖြစ်ပါတယ်``လို့ မိန့်တော်မူးထားတဲ့အပြင် ``ငါဘုရားကို တကယ်မြင်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ငါဘုရားဟောတော်မူတဲ့ တရားကို မြင်မှသာ ငါ့ကိုမြင်နိုင်တယ်``လို့လည်း ဟောတော်မူထားပါတယ်။ ဒါကြောင့် ညောင်ပင်သွားပြီး ပရိဘောဂစေတီကို ရေစင်သွန်းလောင်း ပူဇော်နေရုံနဲ့ မပြီးသေးဘဲ တကယ့်အစစ်အမှန် ဘုရားကို ပူဇော်နိုင်ဖို့၊ မြင်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ တရားတော်ကို လိုက်နာကျင့်သုံးကြဖို့လည်း လိုပါကြောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အထူးအမှာစကား ပါးလိုက်ရပါတယ်။
အားလုံး… တရားတော်ကို လိုက်နာကျင့်သုံးခြင်းဖြင့် ဘုရားရှင်ကို မြင်နိုင်ကြပါစေ…

အညွန်း။http://tknn.org/index.php?topic=744.0

- ( က၀ိရနံ့ )
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

The Sunday Times. Sunday. (12.9.1999) & (21.5.2000) Colombo, Sri Lanka
- Essay on the Thailand, Copyright 1991, Thanapol Vittayakarn Co.Ltd.
- မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၊ ၈၊ ကဆုန်လပြည့်နေ့၊ ဗောဓိပင်။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)
c/o ( MS )
-မိုးညှင်းသတင်း
- ဘုန်းဘုန်းဦးဝိစိတ္တ
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

၁။ ဖွား = ဘီစီ ၆၂၃ (မဟာသက္ကရာဇ် ၆၈) တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား လုံဘိနီ Lumbini တွင်ဖွားသည်။
၂။ ပွင့် = ဘီစီ ၅၈၈ (သက်တော် ၃၅ နှစ်တွင်) ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၃။ ဟော = ဘီစီ ၅၈၇ ဘုရားအဖြစ်သို့ ရောက်ပြီးတနှစ်အကြာတွင် မိဘဆွေမျိုးများရှိရာ ကပ္ပိလဝတ်တွင်ဆွေတော်မျိုးတော်များအား ဗုဒ္ဓဝင် ဟောကြားပါသည်။
၎။ စံ = ဘီစီ ၅၄၃ (သက်တော် ၈ဝ) တွင် ကုသိဏာရုံ တွင် မဟာပရိနိဗ္ဗာန်ပြုတော်မူပါသည်။
၅။ ဗျာဒိတ်ခံ = သုမေဓါရှင်ရသေ့ဘဝက ဒီပင်္ကရာဘုရား ထံတွင် ဤဘဒ္ဒကမ္ဘာတွင် (၄-ဆူမြောက်) ဂေါတမဗုဒ္ဓ ဘုရား စင်စစ် ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူသည်။