Monday, May 29, 2017

ဂန္တဝင် ကဗျာများ

လွမ်းမပြေ

လွမ်းမပြေ၊ မန်းမြေတမိတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့် ဖျန်းလေက တသုန်သုန်။

တဲတဖက် ဆွဲဖျက်ကာ အလျင်လိုရော့ထင့်၊ ကရင်အိုယာပြင်ကြီးမှာ မီးထည့်ကာလှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလှ၊ လွှမ်းတဲ့လို့ လွှားကာခြုံ၊ ပါးမှာငုံပါလို့ နုရွှေကွမ်း။

ဆေးအိပ်ကိုလျှို၊ ဆေးလိပ်တို နားမှာထိုးပါလို့၊ တောင်ရိုးမှာဘာသာပျော်ကြ၊ အမိုးခေါ် ဖိုးဆော်ကဲတို့မှာ၊ ကွင်းအငူ နှင်းမြူမှမစဲခင်က တဲဖျက်တဲ့လမ်း။                                          
ဦးကြင်​ဥ    
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ

နံနက်ကိုလယ်ထွန်

ချစ်တဲ့သူငယ်လေး
သူငယ်ချင်းရယ် ကောင်းသည် ယောင်းမတို့လေး။        
နံနက်ကို လယ်ထွန်၊ နေမွန်ကျွဲကျောင်း၊ ညမောင်းထောင်းနှင့် ညောင်းရှာလိမ့်နိုး။ မြို့ပဲခိုးသို့၊ လှေထိုးလိုက်မယ်၊ အပျိုဖြူငယ်နှမကို မှာခဲ့တယ်။     ။ချောင်းပတ်ရုံနှင့်၊ ရွှေဂုံ မြောက်ပါး၊ မယ်လိပင်နှင့်၊ ထန်းပင်နွဲ့နောင်း၊ ယှက်ခါပေါင်းသည့်၊ ကင်းချောင်းဆိပ်မှာ၊ထိုးဝါးကိုဝယ်သည်၊ တကယ်စုန်ဖြစ်တော့မလားတော်။   ။
စုန်မယ်ဆိုလဲ၊ စုန်မဲ့ရက်ကို၊ ဆက်ဆက်မဆို။ ဆန်မယ်ဆိုလဲ၊ ဆန်မဲ့ရက်ကို၊ ဆက်ဆက်ကယ်မဆို။ တီးသည့်စောင်းနှင့်၊ လောင်းသည်ကြက်ကို၊ ဖက်ခါငိုသည်၊ မောင့်ကို ကုန်သွားထည့်သလားတော်။   ။
ဆီကိုဆဲ့လေး။ ဆေးကိုဆဲ့ငါး။ ဆားကိုဆဲ့ခြောက် ပဲခိုးသို့အ၀င်။ တညင်သို့အဆိုက်။ လွန်မောင်မင်းကို၊ ခြင်ပုန်းကိုက်လို။ ခြင်ရိုက်ကယ်မှမပါ။ လေမလာလို့။ သွေးသံစို့သည်၊ ခြင်ဖို့ခြင်စာ၊ ဖြစ်လေရှာရော့သလားတော်။     ။
အပျိုဖြူငယ်၊ မယ်တဖြတ်ဖြတ်၊ တရုတ်ယင်နှင့်၊ ဖြတ်ဖြတ်လူးအောင်၊ သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊မနှင်ပါရ။ အောက်ပြည်စုန်သည်၊ ရွှေဂုံကျွန်းက ဝေးလွန်းလှလေး။    ။

                                                             
ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ

ခေါင်းလောင်းငယ်မှသံသာ

ခေါင်းလောင်းငယ်မှသံသာ၊ တဗိသာတဲ့။ ဆည်းလည်းငယ်မှသံသေး၊ ငါးဆယ်ပေးတဲ့။ တင်ကြေးငယ်မှမကြီး။ သုံးနှစ်နှီးနှင့်၊ တင့်ရည်းငယ်မှလှနိုး။ သုံးခေါက်ချိုးနှင့်၊ သုံးချိုးလေးထွား။ မောင်တို့နွားမှာ၊ နွားကား သံတောင်၊ နွားကြောင်လိမ္မာ၊ တပွင့်ကြာကို၊ နှုတ်သာကောင်းနှင့်။ မောင်းကနှစ်လုံး၊ မျောခွက်ကယ်ကျုံး၊ မြေဒူးဈေးမှာ၊ ဈေးမှီအောင်ရှာ။ အပျိုဖြူမယ်သာကျွမ်းပါတဲ့ လွမ်းထုံ့တင်လေ။           ။

                                                               ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ

နွားညီနောင်

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်၊
ပျို့တို့မောင်ယာမလုပ်တယ်၊ ၀ါးခုတ်တဲ့တောင်၊
နွားညီနောင် စည်အောင်ကွဲ့ ဖေကျောင်း၊
မောင်နှင့်မယ် တူယဉ်နွှဲကာမှ၊ ယူငင်ကာချူဆင်ဆွဲလို့ရယ်
လှည်းယာဉ်နဲ့မောင်း။
                                                             
ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ

ကောက်စိုက်သီချင်းများ

ရမထာရွှေကြိမ်လုံးရယ်နဲ့။
ထွန်တုံးကိုတဲ့ခြေတော်တင်၊
နွားကြန်စုံရှင်။
ပျိုးခင်းကိုပြင်၊ ကောင်းကင်ကရွှေပိန်ညှင်းရယ်။
မိုးဆော်လို့သွင်း။

ကောက်တီနဲ့ မယ်စော၊
ရောနှောပါလို့ ပျိုးထောင်၊
မိုးလေကခေါင်။
သည်ပျိုးရေအောင်မှ၊ မယ်နဲ့မောင်အလှူပေးမယ်၊
မိုးကူပလေး။

ရွှေထိန်ပင် သာတဲ့အောက်က၊
ကောက်စိုက်ရင်းမိုးမြှော်။
မပေါ်လာရွှေမိုးကြောင့်၊
ကောက်ပင်တွေညိုး။

လယ်ကြီးကို စိုက်မယ်ဆင်းတယ်၊
နေမင်းကပူ။
သည်နေပူ ဘိက္ခူလုပ်မယ်။
ဗန်းကုတ်နဲ့လေး။

ပျိုလေးနေရောင်ထိုးတယ်၊
ငန်းစမှာညှိုး။
ကွယ်လေးရယ် မောင့်ခြုံထည်
တန်းသွယ်လို့မိုး။

ခါးပုံကိုမောင်ဖြုတ်လို့၊
ချွေးသုတ်တော့ပေး။
စီးပလေစေ မောင်မသုတ်နဲ့
တုတ်တုတ်ကျချွေး။

ပျိုလေးတို့ကောက်စိုက်ရာ၊
လိုက်လာနဲ့လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ယဉ်သွေး။
သည်လယ်ကို သည်မယ်စိုက်ပါလို့၊
လိုက်လာမည့်ပုံလိုလို
သျှောင်ကြီးဗွေ လူတင်စားရယ်။
သွားနှင့်တော့ဆို။
မြတ်ဖုန်းမို၊ လာမည်ဆိုမှာကတိကြောင့်၊
သည်တောကို မယ်ကျော်လို့၊
မြှော်မိတယ် ဆံတိုလေးရယ်။
ပန်းရိုက်လို့လေး။

ပျိုလေးတို့ လယ်တလျှောက်၊
ပေါက်လာပါတဲ့ မှိုနတို၊
ဟင်းချိုလှလေး။
အချိန်တန်အိမ်ပြန်လျှင်၊
ပျို့ချစ်ဦးရယ်၊
ခူးခဲ့ပါလေး။

မိုးချုပ်လျှင် ကြိုလှည့်လို့
မှာခဲ့သလေး။
ဖန်မီးအိမ် နန်းခြည်ကျွမ်းအောင်၊
ထွန်းကြိုလိမ့်လေး။
မိုးချုပ်လို့ချိန်တန်၊
ပြန်ချိန်မှ မြှော်ကွဲ့လေး။
ရွှေဖိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထိပ်ကိုနေစွယ်ခမှ၊
ချစ်တဲ့သူရွှေသျှောင်ပွငယ်။
ကြိုပကွဲ့လေး။
ပျိုလေးကိုကြိုလှည့်လို့
မှာခဲ့သလေး။
ကြိုမည့်သူပေါ်လာခဲတယ်၊
တောခံလို့လွဲ။
                                                              ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ

မုဆိုးချင်း

ရောသည်တခါ၊ ၀နေစရာ၊ တောကို လျှိုး၍၊ သားမျိုးကို ရှာတော့မည်။
နောင်လာ နောက်သားတို့၊ မှတ်ငြားလောက်အောင်၊ ကောက်ကြရော့ရစ်တံ၊ ဘုန်းဖန်သည့် ရှင့်ကျွန်၊ အမွန်စဉ်ဆက်၊ သက်တံကွေးနှင့်၊ ဘေးဘိုးဆင်းသက်၍၊ ဘလက်ထက်တိုင်၊ လေးတော်နှင့်ပွင့်လန်း၊ မှုတော်ကိုထမ်းခဲ့သည်၊ လူတမ်းစေ့ကာ၊ မထင်ပါနှင့်။ ရန်တကာရှောင်ရှောင်၊ မရှောင်နင်လား၊ ဘားကင်ကောင်ကို တော
ကြောင်က၀ါးသည့်နှယ်၊ ငါးမြှားတွင်ဆက်ဆက် သားတကာခက်နေကျ၊ တောဝက်ကိုမရှောင်၊ ပြောင်ပြောင် ဆင်ဆင်၊ မြင်မြင်သမျှ၊ အလွတ်ရဘူး၊ မုဆိုးတကာ့ပဂေး၊ ငါ့လက်တွင်ဖေးရမည်၊ ကိုင်းကွေးသက်တံ၊ စမြိန်စာကို၊ စုံစွာဖန်၍၊ မြိုင်ယံသို့ဝင်တော့မည်၊ သို့ရာတွင် နောက်ပါအဖေါ်၊ တွေ့လျှင်ဝါးနေကျ၊ ရဲကျားကို ခေါ်အုံးမှ၊ ရှေးထုံးအစဉ်၊ ၀လဉ္စန၊ အ၀ါးဝ၊ သွားနေကျလမ်း၊ စခန်းနှင့်ရေတွင်း၊ ကွင်းနှင့်သစ်အုပ်၊ မျောက်လုပ်ပင်တန်း၊ စမ်းတ၀ါးဝါး၊ အထင်မှား၊ ရဲကျားမှတ်မိကောင်းငဲ့။ ငါ့ခွေးကိုခေါ်ရအုံးတော့ဗျား။
                                                                                    ဦးကြင်ဥ                                                    (၁၈၁၉-၁၈၅၃)

တပေါင်းညှာကျင်

တပေါင်းငယ်မှ ညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ။

ဝန်းကျင်ငယ်မှ ပတ်ကုံး
တွန်ထူးဘာသာ၊ ငှက်တို့မှာလည်း
စုကာရုံးလို့၊ ခြိမ့်အုန်းငယ်ကျူးသီ
အမသံညောင်း၊ သိုက်နန်းငယ်အောင်းလို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်က၊ လှိုင်ရှာလေကော။

ညှာကြောငယ်မှဖူးသစ်
ရဂုံတစ်ခွင်၊ သာပေါင်းငယ်ရှင်သည်
မင်းလွင်လှစ်လို့၊ မူးမြစ်ကယ်ကမ်းယံ
ငါးထွေငါးမြင်း၊ ငါးပူတင်းတို့
သောင်ရင်းငယ်ဆန်သည်၊ ငါးတန်းငယ်ဝဲခိုလို့
ပိုက်ခြေတိုဆင်း။

ပျော်ခင်းငယ်မှသာလှ၊ သည်ချိန်ကျလျှင်
တောဝဂနိုင်၊ စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့
ထောင်းထောင်းကယ်လျှံငွေ့၊ လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ၊ အလိုသေရချည့်
စိတ်ဖြေလို့မရနိုင်၊ ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင်ရှင်သိကြားတို့၊ မာန်ထားရင်းလေ။

အဲချင်း
ဦးယာ

ယဉ်ပေ့တောသူ

လေပြေငယ်သုတ်ပါလို့၊
ရွှေဘုတ်ကယ်အိုးအီ၊
အုံ့မှိုင်းငယ်ရီ၊
နေမှီအောင်တခိုလှမ်းခဲ့ရ၊
ကောက်ငန်းက သူပြန်ပုံမှာ၊
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်၊
ပန်းဝင့်လို့ ရွာကိုဝင် ၊
အမြင်ဆန်းပါဘိတယ်လေး။ ။

ညဥ့်ချမ်းရယ်နေရီ၊
ချိန်တော်မှီ ကေသီပန်းနှင့်၊
ရေခပ်လမ်းမှာ စခန်းသင့်လို့၊
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ၊
သနပ်ခါးကွက် ပါးမှာကူလို့၊
အမူကြီးကမ်းကုန်ကို၊
ဘယ်မြို့ပုံသာချင်သောရယ်လို့၊
ပြောကြမယ်လေး။ ။

ဦးကြီး

အညာမင်္ဂလာဆောင်ဘွဲ့
လေးချိုးကြီး

(၁) ကျုပ်တို့အညာမှာ - မင်္ဂလာတစ်မျိုးသာပ၊
     အဟုတ်ဗျို့ဓမ္မတာ - အစဉ်အလာမညှိုးခဲ့ပေဘု၊
     အရိုးသမကျရှေးလိုပ - အဖွားကလဲ ကျီတစ်ဆောင်၊
     “ကိုမင်းရာရယ်” အမျိုးကလဲ မသေးပေဘု၊ အဖိုးအဖနှင့်တကွ
     မေးကြပေတော့ - တစ်မျိုးငါ့မြေးဖို့ရယ်လို့၊
     “အိုကွယ်” အဖိုးကပေးလိုက်ပါတဲ့ နွားညီနောင်။          ။
(၂) သြော် . . အမိအဖတို့ကလဲ၊ ပြည့်ပြည့်၀၀တွေမို့၊
     ရှိသမျှကုန်ချင်ကုန်ရော့လို့၊ မယုံရင်ကြုံလျှင်မေးပါတော့၊
     အလုံတစ်ခွင်မှာ - ဂုဏ်အင်ကလဲ မသေးပါဘု၊
     မုံရွေး၊ ကြေးမုံ၊ ချောင်းဦးနယ်တစ်လွှားဆီက၊
     အလုံကျေး အကုန်မှာ၊ ပြောင်းဖူးသယ်တွေက များလိုက်ပါဘိသ . . . နှင့်၊
     ဆွေသားရင်းချာ - ဥာတကာမိတ်တို့ကိုလ၊
     အဖေသွားရင်းသာ - လာစရာဖိတ်ခဲ့တာနှင့်၊
     ညအိပ်ညနေ အစုံလာကြတော့၊
     ခြုံစရာအကွက်ဖျင်စောင် ၂ ခုရဲ့ပြင်၊
     ဂုံပ၀ါပါ - တဘက်နှင့် ခြင်ထောင်ကလဲ တစ်ခုစီပေါ့ . . .၊
     လုပ်မှုကိုင်ဖွယ် တောလယ်ယာတစ်ခင်းငဲ့ပြင်၊
     ပြောင်းခင်း တစ်စလယ်ဝင်နှင့်၊ လယ်တရှင်၊ ပါးနှစ်ဆယ်ထွက်ကိုလ . . .၊
     “ကိုမင်းရာရယ်” ရှေးအဆက်ဆက်၊ အကြွေး တက်တက်ပြီး၊
     အဝေးမထွက်ရအောင်လို့တဲ့ကွယ် - ပေးလက်ဖွဲ့နှောင်း။        ။
(၃) လမ်းချိုးအရှေ့က၊ စမ်းရိုးအကွေ့၊ ခရောင်းယာမှာ၊
     “ဟောသည်က” အထုပ်တွေဖြေဖြေပြီး၊
     အကုန်သာကြဲလေရော့ဟဲ့လို့၊
     ခရမ်းမျိုးစေ့ကောင်းစွာ- ငရုတ်ဂျုံ - ကုလားပဲသာပ၊
     နှမ်းမျိုးသွေ့သွေ့ပြောင်းဝါ - ငပြုတ်ဖရုံပါ - ဖရဲငဲ့ပြင်၊
     ထမ်းပိုး၍ရောင်းစရာ - အထုပ်မုန်လာခ၀ဲတွေနှင့်
     အလုပ်စုံစရာကဘဲရယ်လို့ - များလက်ဆောင်။
     “အို . . ကိုမင်းရာရဲ့” သားအတွက်ဆိုတော့၊
     တအားတက်အောင်ရယ်လို့၊ (ကျုပ်တို့) အမေအိုကလဲ
     ဓမရှေ၊ ဓမတိုတွေနှင့် - အခြေကိုနှင်း၊
     “ကိုမင်းရာရယ်” မယားဘက်က မောင်တွေကလဲ၊
     ပလွေတိုနှစ်စင်း။        ။
(၄) မျိုးဆက်ခါခြုံ၊ အိုးခွက်ပန်းကန်အစုံနှင့်၊
     ပြေတစ်ခွင်သထုံရောက်ရာကဘဲ လွမ်းမိပါရဲ့
     မြေအင်တုံ - သောက်စရာဇွန်းငဲ့ပြင်၊
     ကွမ်းအစ်ပါလွယ်အိတ်တစ်လုံးငယ်နှင့် . . . ၊
     ပဲခိုးဘူတာမှာလေ၊ ငနဲသူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့၊
     ပျောက်သဟာ - ဒဂေါက်ဖာကလဲ တစ်လုံးပါဘဲ့၊
     စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ၊
     လူ့ထုံးစရိုက်တွင် - တစ်သိမ်ပြောင်လောက်ကဲ့၊
     မင်္ဂလာဆောင်မှာ - ခန်းဝင်ကလဲ မနဲပါဘု၊
     မွဲဖို့ရာကံကြမ္မာနှင့်
     ဖန်လာပုံကုသိုလ်ကလဲ - မကောင်းချင်တော့၊
     အထက် ဟိုအညာမှာလေ - ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု၊
     အညာမြေ - ဌာနေဟောင်းဆီက၊
     အကြွေး(တစ်ရာ) ကို ဒွေးခါ ကလဲ တောင်းပြန်ပေါ့တဲ့ . . .၊
     “အမယ်မင်း” မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင့်၊
     ခေါင်းတခါခါနှင့် ဆတ်လှစွာသော၊
     လှလှစွေ့စွေ့ရယ်နှင့် - ၀၀ပြေ့ပြေ့နပြာတစ်ရှဉ်းကိုလ၊
     ကျောင်းတကာကိုသာ အပ်လိုက်ပေရော့၊
     ရသရွေ့ဘာဘာညာညာရယ်လို့ မငြင်းလေနှင့်၊
     “မလေးရယ်” ရောင်းကာသာ ဆပ်လိုက်ပေတော့၊
     ရွာရှေ့ ယားတစ်ခင်း။              ။
                                                                             သခင်ကိုယ်တော်မှိုင်း
                                                                             လေးချိုးပေါင်းချုပ်မှ

ဗုံရှည်သီချင်း

မိုးပေါ်မှာကြယ်တလုံး
တိမ်ဖုံးပါလို့  လမသာ
သာတော့ခါ သာပါလိမ့်
...
နတ်ဒေ၀ါ သူဖန်ဆင်းတယ်
ဖိုးရွှေလမင်း။
ပျိုလေးတို့  အိမ်အောက်
ဝါ ကောက်လို့  ၀ါ ဖန်
ဗိုင်းငင်လို့  ရှည်ပြန်
လက်ခတ်သံ ညံလိမ့်ထင့်လေး။
ဆေးတံတို တညိုလောက်
ယော့၊ သောက်တော့ပေး။
မယူလိုက်ယင်လှ၊ မိုက်တယ်ဆိုလိမ့်မယ်
ယူလိုက်ယင်လှ၊ ကြိုက်တယ်လို့ ဆိုလိမ့်မယ်
ဆေးတံတို တညိုလောက်
အလိုဗျာ... ယော့၊ သောက်တော့ပါ တဲ့ပေး။

မင်းသုဝဏ်

“ပျဉ်းမငုတ်တို”

ဖု ထစ် ရွတ် တွ၊ ငှက်ဠင်းတ သို့
ပျဉ်းမ ငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံ အကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေး တက်လာ၊ အိုင်းအမာသို့
ကျယ်စွာ ဟက်ပက် ခြအိမ်ပျက်။

ကုန်းမို ကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သား ခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
နွေသစ် လောင်းသော်
ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ် ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ် ဆင်သည်
အသင် ယောက်ျားကောင်းတကား။ ။

မင်းသုဝဏ်

ဗေဒါလမ်း

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

ဇော်ဂျီ

“ဆေးလိပ်လက်ဆောင်”

မ၀ယ်ဘူး မယ်ခူးတဲ့ဖက်စို။
မီးမကူ နေပူမှာမကင်အားလို့
ထားရတယ်အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ၀ါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင်ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။

မယ်ခွေ
(လေးချိုး)

မီးမကူ = မီးဧ။်အကူအညီမယူဘဲ။
မကင်အား = မကင်ရက်။
မချိုတောင်း = မချိုစတောင်း ချိုသည်၊ အလွန်ချိုသည်။

နွေဦးကာလ မြူထသောအခါ

နွေဦးကာလ မြူထသောခါ၊
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊
ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊
မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သောခါ၊
ပုတက်ယုန်ခါ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ၊
မနေထွက်လာကြသည်တည့်လေး။

ဝမ်းသာအားရ မယားကတစ်သွယ်၊
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတစ်သွယ် ယုန်ငယ်ကစ၊
တောသတ္တဝါ တွေ့တိုင်းကိုသာ၊
အိတ်မှာသာယူ၍ချသည်နှင့်လေး။

သို့နှင့်ရောက်က ခဏအောင့်လျှင်၊
တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊
အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊
သမီးနှင့်သား များလို့မဝင်သာ၊
ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ စားတော့မည်စေ၊
စပေသာလှအုန်းခွက်ကယ်နှင့်လေး။

ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။

ဝန်ကြီးပဒေသရာဇာ

No comments:

Post a Comment