Tuesday, June 20, 2017

ရွှေနှင့်ယိုးမှား ပန်းစကား ကဗျာ

" ᠌᠌᠌᠌᠌᠌ရွှေနှင့်ရိုးမှား  ပန်းစံကား"
============
သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
ငယ်ကတည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နှလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ။ ။
                              (အမည်မသိ ရှေးစာဆို)

`ရွှေနှင့်ယိုးမှား ပန်းစံကား´ကဗျာအတွက် အသုံးတည့်လိမ့်မည်ဟု ထင်ပါသည်။

လက်ရုံးရည်ရှိသော
မောင်တင့်တယ်နှင့်
အသက်ကိုစွန့်၍ချစ်သော
နှမတို့အကြောင်း
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
--------------------------------
ဦးဖိုးကျား

သာသနာ ၈၈၈ ခုတွင် ပုဂံ၌မင်းပြုသော သေဉ်လည်ကြောင်မင်း လက်ထက်အခါက တကောင်းပြည်၌ ပန်းပဲမောင်တင့်တော်၏ သား မောင်တင့်တယ်သည် စွမ်းပကားခွန်အားကြီးလှ၍ အလွန်ကျော်စောထင်ရှား၏။ ငယ်စဉ်ကပင် ဆန်တစ်စလယ်ချက်၊ တစ်ခွက်ချက် စသည်ဖြင့် တက်၍တက်၍ စားသွားရာ ၁၉ နှစ်အရွယ်သို့ ရောက်သောအခါ ဆန်တစ်စိတ် ထမင်းကုန်သည် ဆိုသည်။ ဆင်ကို ချီနိုင်၏။ အစွယ်ကို ချိုးပစ်နိုင်၏။ လုံးပတ် ထွာဆိုင်၊ အလျား လေးတောင်ရှိသောသံချောင်းကို ဦးခေါင်း၌တင်၍ လက်နှစ်ဖက်ဖြင့် ဆွဲသော် လေးကိုင်းကဲ့သို့ ညွတ်လာရ၏။ တကောင်းမင်းကြီး ကြားသော် မိမိ၏ ထီးနန်းကို ယူမည်စိုးသဖြင့် `ဖမ်း၍သတ်လေ´ဟု အမိန့်ထုတ်လေ၏။ မောင်တင့်တယ် ကြားလျှင် ဝေးသောအရပ်သို့ပြေး၍ တောတစ်ခုတွင် ပုန်းနေ၏။ မင်းကြီးလည်း စိတ်မအေးသေး၍ မာယာဖြင့် မောင်တင့်တယ်၏နှမ စောမယ်ယာ (မြတ်လှစွာ)ကို မိဖုရားမြှောက်ပြီးသော် `သင့်မောင် ခွန်အားကြီး၍ ငါ မြို့ဝန်ခန့်လိုသည် ခေါ်လေ´ဟု မိန့်သော် ယုံကြည်၍ နှမကခေါ်ရာ လာလေ၏။ မင်းကြီးလည်း ဖမ်း၍ စံကားပင်တွင် ချည်ပြီးသော် ထင်း မီးသွေး အများထည့်၍ ဖိုကျင်ထိုးလေ၏။ မိဖုရားကြားသော် အမြန်ပြေးလာ၍ `ငါ့မောင် ငါ့ကြောင့် သေရလေသည်´ဟု ထိုမီးပုံတွင်းသို့ ခုန်ဆင်းလိုက်လေ၏။ ဆွဲလိုက်ကြရာ ခေါင်း မျက်နှာကိုသာ ရလေသည်။ ကိုယ်ကား ကျွမ်းလေ၏။

ထိုမောင်နှမ သေပြီးနောက် နတ်မောင်နှမ ဖြစ်၍ ထိုစံကားပင်တွင် နေလေရာ စံကားပင်သို့ လူသူ ကျွဲနွား ချဉ်းဝင်မိလျှင် သေလေကုန်၏။ မင်းကြီးက ဖမ်းစားသည်ဟု ယူဆကာ စံကားပင်ကို အမြစ်ပါတူး၍ ဧရာဝတီမြစ်တွင် မျောလိုက်လေ၏။ ပုဂံသို့ရောက်လေသောအခါ ပုဂံသေဉ်လည်ကြောင်မင်းကြီးက ထိုစံကားပင်ကို ဆယ်ယူ၊ နတ်မောင်နှမရုပ် ထုပြီးလျှင် ပုပ္ပားတောင်တွင် ထားလေသည်။ ပုပ္ပားတောင်ကို `မဟာဂီရိ´ဟု ခေါ်သဖြင့် `မဟာဂီရိ နတ်မောင်နှမ´ဟုလည်း ခေါ်တွင်သည်။ မင်းမှူးမတ် ပြည်သူတကာတို့ တစ်နှစ်တစ်ကြိမ် ပွဲကျင်းပ၍ ပသပူဇော်ကြကုန်၏။ ထိုနတ်မောင်နှမမှာ ယခုတိုင် ထင်ရှားလှ၏။

မဟာဂီရိ မောင်တင့်တယ်နတ်သံ
(မြဝတီမင်းကြီး ဦးစ ရေးသည်။)
----------------------------------
ခါးစည်းငယ်မှဝေသီလေ။ ။ ကြော့ရှာလွန်းသည်၊ တကျွန်းတင်ပိုး၊ ဆင်ပုဆိုးမှာ ပိုးမမီနှင့်၊ အင်္ကျီငယ်မှ ခါသာ၊ အလယ်ဖွာကို၊ ဘယ်ညာနောက်က၊ ဖနောင့်ကျနှင့်၊ ညာကယပ်တောင်၊ ခမောက်ငယ်ရွှေပေ၊ ကြော့ရွှန်းဝေသည်၊ သပြေရောင်နှင့်၊ ကြော့ခေါင်ယဉ်လှ၊ မယ့်မောင်ငယ်လာသည်၊ မသာတောင်း တကောင်းကတဲ့။

နှမငယ်ဆင်းရောင်၊ ချော့သူမောင်ကို၊ အခေါင်ထွတ်တင်၊ တကောင်းရှင်က၊ စိတ်တွင်မလုံ၊ မယုံလေတယ်၊ မင်းစည်းစိမ်ကို၊ ထွက်နှိမ်ချိုးမည်၊ လုနိုးမှတ်လို့၊ မှူးမတ်တို့အား၊ ဖမ်းလေသတ်လေ၊ မိန့်တော်ရွှေနှင်း စေခန့်ထားသော်၊ ရှောင်ရှားငယ် ငါ့မှာ၊ လွတ်ရာရုန်းလို့၊ ပုန်းနေရာတွင်၊ မာယာပြုပြင်၊ နှမရင်းချာ၊ လှမြတ်စွာကို၊ တောင်ညာတင်လို့၊ သွေးငင်ငယ်မှ လှည့်ဖြား၊ မြို့ကွပ်ခန့်မည်၊ ရွှေခွန်းရည်ကို၊ ယုံကြည်မှားအောင်၊ ချော့စားပြီးလျှင်၊ ငါ့ကိုလျှင်တည့်၊ အရှင်လတ်လတ်၊ စံကားညွန့်ရှည်၊ ပင်စည်စည်မှာ၊ ချည်ကာထားလို့၊ ရွှေဓားခံသည်၊ ရွှေလှံပြီးလို့၊ မီးနှင့်သတ်သော်၊ နတ်ကြီးငယ်မှ စင်စစ်၊ ငါလျှင်ဖြစ်သည်၊ ချစ်လို့မဝ၊ နှမရင်းချာ၊ ရှင်ထွေးလှနှင့် စောမယ်ယာ၊ ငါ့မှာမည်ရင်း၊ မဟာဂီရိ၊ သညီထင်ရှား၊ မောင်တင့်တယ်ဟု၊ ပျော်ဖွယ်သာသည့်၊ ရွှေညာသားကို၊ ပြားလို့ချစ်ပါ၊ မင်းတကာတို့။

ပုပ္ပါးနတ်တောင်ဘွဲ့လင်္ကာ
(ရေးသူမသိ)
---------------------------
သိုးကလေ။ ။ ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစကား။

သိုးကလေ။ ။ စံကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး၊ မောင်ကြီးနှမ၊ ညက်လှပြာစင်၊ မယ့်သည်ပင်သည် ခရီးသား။

သိုးကလေ။ ။ မြိတ်လွတ်စုလည်း၊ ငယ်ကတည်းက၊ ကျွမ်းဝင်ကြသည်၊ မွေးတူဖရင်း၊ မျိုးသည်မင်းနှင့်၊ ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်၊ နှလုံးမခြား စောင့်တရား။

ဆွေမိမင်း။ ။ မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ တုမရှိ။

Posted by မင်းအရိပ်

No comments:

Post a Comment