ဆန္ဒနဲ့ ဘဝ
••••••••••
တစ်ထပ်တည်း ကျမနေ တတ်တဲ့
လော က ဆိုတာ ကို သိလိုက် ရချိန် မှာ
အရာရာဟာ နောက်ကျ နေပြီလို့ 
ခံစားရင် ခံစားရပါ လိမ့်မယ်
တစ်ချို့ က မှားတယ် ( သို့  ) မှန်တယ်
ဆိုတဲ့ အဖြေ ကို
ကိုယ့်စိတ် ခံစားချက် အတိုင်း
ပြောကြပါ လိမ့်မယ် ။
ဒါပေမဲ့
သင် နောက်ကျရင်
နောက်ကျ သွားတာ မှန်ပေမဲ့
သင်မရှုံးသေဘူး ဆိုတာ ကို
မြဲမြဲ မှတ်ယူထား လိုက်ပါ
အဲ့ဒီလို
အသိတရားဝင်လာတဲ့ အချိန်ဟာ
သင့်အတွက် မလိုအပ်တဲ့
အိမ်မက်က လန့် နိုးလာပြီမို့ မရှုံး သေးပါဘူး
ကိုယ် ဘာဖြစ်ချင်ခဲ့ သလဲ
ကိုယ့်ရည်ရွယ်ချက် က ဘာလဲ
ဒါတွေကို
စိတ်နောက် လိုက်ရင်း
မအောင်မြင်ခဲ့ ပေမယ့်
နောင်တ ဆိုတာ လည်း
ရစရာ မလိုပါဘူး ။
ကိုယ့် စိတ်ကူးတွေ
ဖြစ်မလာခဲ့ လို့ လည်း
စိတ်ဓါတ် ကျ မသွား ပါနဲ့ 
ဒီနေ့ ဟာ မနက်ဖြန်
မဖြစ် နိုင်သလို
ကံကြမ္မာကို ကိုယ်သာ ဖန်တီး
ယူရမှာ ပါပဲ ။
လူတွေ နဲ့ ဆက်ဆံ တယ်
အများစု က ကိုယ်ပေးမှ
ပြန်ပြီး တုန့် ပြန်တာတွေ
ကိုယ့်စေတနာကို ဥပက္ခာ ပြုတာတွေ
ကိုယ့်မေတ္တာ ကို မထီမဲ့ မြင် ပြုတာတွေ
များစွာ ကြုံလာ ရ လည်း
ကိုယ့်ဘဝ အတွက် အရေး ပါတဲ့
အရာတွေ ဖြစ်နေ ရင်လဲ
စိတ်နဲ့ လိုက်ခံစား မနေပါနဲ့ 
ဒီကိစ္စ အသေးမွှား တွေထက်
ပိုအရေးကြီး တာတွေ ကိုသာ
ဆက်လုပ်ပါ ။
ကိုယ်နဲ့  အရင်းနှီးဆုံး လို့ ခံယူထားတဲ့
သူငယ်ချင်းတွေ စွန့် ခွာ
သွားခဲ့တယ်ဆိုရင်တောင်
ဝမ်းနည်းမနေပါနဲ့ 
သူတို့ ထက် သာတဲ့
မိတ်ဆွေသူငယ်ချင်း အသစ်တွေရှာပြီး
အစားထိုး လိုက်ပါ ။
သူဟာ ကိုယ် မဟုတ်တဲ့
လောကနိယာမ ကြီးထဲမှာ
အရာရာတိုင်း လိုက်ခံစား နေရင်း
အချိန်တွေ
အဆုံးရှုံး ခံရတာလောက်
နှမျှော စရာ ကောင်းတာ မရှိပါဘူး ။
ပြီးသွားတဲ့
အတိတ်ကို သင်ခန်းစာ ယူပါ
အနာဂါတ်ကို ပုံဖော်ပါ
လက်ရှိဘဝကို
ကျေနပ်အောင် နေထိုင်ပါ ။
ဖြစ်ခြင်တိုင်း မဖြစ်နိုင်တဲ့ ဘဝရယ်
မဖြစ်နိုင် ရလေခြင်း ဆိုတဲ့
ဒွိဟကြားမှာ အဖြေရှာ နေမယ်ဆို
အနာဂါတ်ဟာ ပိုပြီး ခက်ခဲ
သွားစေ ပါ လိမ့်မယ် ။
ကိုယ့်အမှားလို့  သိလိုက်ရတဲ့
အချိန်တိုင်း ဟာ
နောက်မကျ သေးဘူး ဆိုတာ
လူတိုင်း သိထား ရပါမယ်
အမှား အတွက်
ပြင်ဆင်ချိန် ရောက်ပြီလို့ 
ခံယူနိုင် ရပါမယ် ။
မှားသွား ခဲ့ပြီ
နောက်ကျ
သွားပြီ ဆိုတဲ့ နောင်တဟာ
စိတ်ကို နှစ်ခါ သေစေ ပါတယ် ။
အပေါင်းသင်း မိတ်ဆွေ ဆိုတာ လည်း
ပေါင်းသင်းချိန် ကိုယ့်ကို လိုအပ်တယ်လို့ 
သူတို့  လက်ခံနိုင်တဲ့
အချိန် အတိုင်းတာ အထိ
ဖြူစင်တဲ့ ခင်မင်မှုနဲ့ 
ပေါင်းသင်း ဆက်ဆံ ပေးလိုက်ရင်
လုံလောက် ပါပြီ
မလိုအပ် တော့ဘူးလို့  စွန့် ခွာသွား
ရင်လည်း အပြုံး မပျက်
ရင် ဆိုင် လိုက်ပါ ။
လောကကြီး မှာ
ကိုယ်လိုခြင်တဲ့ အရာ
ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒ ဆိုတာ
တစ်ထပ်ထဲ မဖြစ်နိုင်ဘူး ဆိုတဲ့
အတွေး နဲ့ သာ ကျော်ဖြတ်နိုင် ကြပါစေ
သူငယ်ချင်း.....
credit. ခင်အေးငယ်
on Related - ARTICLES MAUNG SWAN YI
မောင်စွမ်းရည် ● တင်မိုး ... သူ့ကို ပြန်ပို့လိုက်ပါပြီ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂ဝ၁၆
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂ဝ၁၆
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။
တင်မိုး
တင်မိုးရဲ့နာမည်ကို ကြားဖူးသူတိုင်း ဒီကဗျာလေးကိုရတယ်။ တင်မိုးကပြောတယ်၊ 'ထောင်နံရံတွေမှာလဲ ဒီကဗျာလေး တွေ့ ခဲ့ရသဗျ' တဲ့။
'ဟုတ်တယ်။ နေရာတကာပဲ။ အိမ်သာတွေမှာလဲ တွေ့ဖူးတယ်' ဆိုတော့ ကျွန်တော့်ကိုဆဲပါတယ်။ တကယ်က တင်မိုးက လုံးဝမဆဲတတ်ရှာပါ။ 'သခင်ကိုယ်တော်မှိုင်းဆဲနည်း' ဆိုပြီး 'ခွေးမသား' ဆိုတာလေးပဲ ဆဲတတ်ရှာပါတယ်။ သူက ကျွန်တော့် အမေကို သူ့အမေလို ချစ်ရှာတယ်။ ဒါ့ကြောင့် ဆဲခဲပါတယ်။
တကယ်တော့ ဒီကဗျာလေးက ကျွန်တော်ဆတ်ဆော့ကို သူ့စာအုပ်ထဲပုံနှိပ်ဖြစ်တာပါ။ သူကကျွန်တော် နဲ့နီးနီးနေချင်လို့ဆိုပြီး ကျွန်တော်နေတဲ့ မန္တလေးမီးရထားရပ်ကွက်နဲ့ နီးတဲ့နေရာကို မြင်းခြံကဆေးကျောင်းသားလေးတွေ ကဗျာဆရာ မောင်စန်း သော် (ခင်မောင်ရည်) တို့နဲ့အတူ လာနေတယ်။ တမာပင်လေးရှိလို့ 'တမာရိပ်သာ' လို့ သူပဲ နာမည်ပေးထားပါတယ်။ တနေ့ တော့ သူရယ်၊ ကြည်အောင်ရယ်၊ ကျွန်တော်ရယ် သူငယ်ချင်းသုံးယောက် တစ်နေကုန်စကားပြောကြပြီး နေကျချိန်ရောက် တော့ ကြည်အောင်က ထိုင်ရာကထပြီး 'ကဲ-ဆေးလိပ်တိုပြီ၊ နေလဲညိုပြီ ပြန်တော့မယ်ကွာ' လို့ နှုတ်ဆက်လိုက်ပါတယ်။ ဒီမှာတင်ပဲ တင်မိုးက ဝမ်းလျားမှောက်၊ ဆေးလိပ်သောက်နေရာက ဝုန်းကနဲထပြီး ထိုင်လိုက်ပါတယ်။
'ဟေ့-ကျယ်လောင် နေဦး နေဦး' လို့ တားပါတယ်။ 'ကျယ်လောင်' ဆိုတာ ကြည်အောင်ရဲ့နာမည်ရင်း 'ကြည်လင်' ကိုဖျက်ပြီးခေါ်တဲ့ နည်မည် ပြောင်ပါ။ ကြည်အောင်က အသံကျယ်ကျယ်လောင်လောင်နဲ့ စကားပြောတတ်သူမို့ ဒီနာမည်ကသူနဲ့ သိပ်လိုက်တယ်ဆိုပြီး ကျွန်တော်တို့ က 'ကျယ်လောင်' ပဲ ခေါ်ကြတာပါ။
တင်မိုးက ကြည်အောင်ကိုတားပြီး အနားမှာအသင့်ရှိတဲ့ စက္ကူလွတ် (ဗလာစာအုပ်ထဲမှာ ထင်ပါတယ်) ထဲမှာ စာကြောင်းနှစ် ကြောင်း၊ သုံးကြောင်း ချရေးလိုက်ပါတယ်။ ပြီးတော့ ဖတ်ပြပါတယ်။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ
တင်မိုးတဲ့။
ကြည်အောင်က အေးကွာ၊ ငါပြန်မယ်။ မင်းတို့ကဧည့်သည်ကို ဘာမှလဲမကျွေးဘဲကိုးလို့ ပြောလိုက်တယ်။ ထင်ပါတယ်။ တင်မိုးက ကဗျာခေါင်းစဉ်ကို 'ဧည့်သည်ကြီး' လို့ တပ်လိုက်ပါတယ်။ ကျွန်တော်က 'ဟေ့-အဲဒါ ငါ့ပေး၊ ငါနဲ့ဆိုင်တယ်။ ငါက ကဗျာစာအုပ်ရိုက်မယ့်လူကွ' လို့ဆိုပြီး ကဗျာကိုဆွဲယူလိုက်ပါတယ်။
ဟုတ်တယ်၊ ကျွန်တော်ကတင်မိုးရဲ့ ပထမဆုံးကဗျာစာအုပ်ဖြစ်တဲ့ ဖန်မီးအိမ်ကဗျာစာအုပ်ကို တင်မိုး၊ မောင်သိန်းနိုင်တို့နဲ့အတူ ကြီးကြပ်ရိုက်နှိပ်နေတာပါ။ စာအုပ်ကပြီးပါပြီ။
အမှာစာလိုနေလို့ မြန်မာစာပါမောက္ခကို သွားပြီး ကဗျာစာအုပ်မူကြမ်းပေးပြီး အမှာစာတောင်းပါတယ်။ မောင်သိန်းနိုင်က သူ့ဆရာကြီးဆီကို မလိုက်ရဲလို့ ကျွန်တော်နဲ့တင်မိုးပဲ သွားရပါတယ်။ ဆရာကြီး က 'မင်းစာအုပ်က စပ်နည်းလဲမစုံဘူး၊ ကဗျာလဲ နည်းသေးတယ်။ ချေးကလဲ များလွန်းတယ်၊ ဒါတွေဘာလုပ်ဖို့ လုပ်နေတာလဲ၊ စာတော့ မကြိုးစားဘူး' လို့ ဆုံးမလိုက်ပါတယ်။ အမှာစာလဲရေးမပေးလိုက်ပါ။ ဒါကြောင့် ဖန်မီးအိမ်စာမူကြမ်းကိုကိုင်ပြီး ကျွန် တော် မောင်စွမ်းရည်က ရန်ကုန်ကိုသွား၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ဆီမှာ အမှာစာတောင်းဖို့ တာဝန်ယူလိုက်ရပါတယ်။
မောင်းသိန်းနိုင်က ဆွဲကြိုးလေးတစ်ကုံးရောင်းပြီး ခရီးစရိတ်ရှာပေးလိုက်တယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့က ကဗျာ စာမူကြမ်းကိုဖတ်ပြီး သိပ်သဘောကျသွားတယ်။ ဒါပေမဲ့ သူတို့က စာပေဗိမာန် ကဗျာစုရွေး ချယ်ရေးအဖွဲ့ဝင်တွေဖြစ်လို့တဲ့ အမှာစာမပေးလိုက်ပါ။ ဒါပေမဲ့ အမှာစာထက်ကောင်းတဲ့ ချီးကျူးစာရေးပေးလိုက်ပါတယ်။
ရန်ကုန်မဆင်းမီ တင်မိုးက ပါမောက္ခဆရာကြီး အကြံပေးချက်နဲ့အညီ စပ်နည်းစုံအောင် ထပ်ဖြည့်ပါတယ်။ 'နွယ်သာကီ သံဖြတ်စပ်နည်း' ကတော့ ကျွန်တော်အကြံပေးတာပါ။ ကျွန်တော်က အဲဒီစာအုပ်ထဲမှာ ထိပ်ကနေပြီး 'ဧည့်သည်ကြီး' ကဗျာ ထဲ့မယ်လို့ဆိုတော့ တင်မိုးက 'တောက်တီးတောက်တဲ့ မလုပ်စမ်းနဲ့' လို့ ကျွန်တော့်ကို ဟန့်တားပါတယ်။ ကျွန်တော်က 'နင့် ကဗျာတွေအားလုံးထဲမှာ ငါ့အမြင်မှာ ဒီကဗျာလေးကိုအကြိုက်ဆုံး၊ ဒီကဗျာမပါရင် ရန်ကုန်ကိုငါမသွားဘူး' လို့ ဈေးကိုင် ပါတယ်။ တင်မိုးခမျာ သူပြောတဲ့ 'ကလေးကလား၊ တောက်တီးတောက်တဲ့' 'ဧည့်သည်ကြီး' ကဗျာလေးကို ညည်းညည်း ညူညူနဲ့ပဲ ထဲ့ခွင့်ပြုလိုက်ရပါတော့တယ်။ ဒါ့ကြောင့် ဒီကဗျာလေးက သူငယ်ချင်းသုံးယောက်လုံးနဲ့ပတ်သက်ပြီး လွမ်းစရာဖြစ် နေပါတယ်။ ကြံကြံဖန်ဖန် လူသိအများ ဆုံးကဗျာလဲဖြစ်နေပါတယ်။ ရေးသူဖတ်သူ ဆွေးနွေးပွဲတွေမှာလဲ လူမေးအများဆုံးပါ။
ဘယ်ပြန်ပို့ရမှာလဲ၊ ထောင်ထဲကလွှတ်ပြီး အိမ်ပြန်ပို့ခိုင်တာလား။ သံသရာဧည့်သည်၊ လူ့လောကဧည့် သည်အဖြစ်တင်စားပြီး ပြန်ပို့ခိုင်းတာလား။ ဘယ်ကနေလို့ ဘယ်လိုပြန်ပို့ရမလဲ၊ စသည်ဖြင့်မေးကြပါတယ်။ တင်မိုးကတော့ 'ကဗျာတစ်ပုဒ် ပုံနှိပ်ထုတ်ဝေလိုက်ရင်း၊ ကဗျာဆရာမပိုင်တော့လို့ စာဖတ်သူတွေကြိုက်သလိုယူပါ' လို့ပဲ ဖြေပါတယ်။
ဒီနေ့ ၂ဝ၁၆ ဒီဇင်ဘာ ၄ ရက်၊ သမီးမိုးချိုသင်းက ဖုန်းဆက်ပြောပါတယ်။ ဦးရေ အဖေ့ပြာအိုးကိုယူသွားပြီး ဇန်နဝါရီ-၂၂၊ သူ ကွယ်လွန်တဲ့ရက်မှာ ပြာအိုးကိုဂူသွင်းဖို့ ရန်ကုန်၊ ရေဝေးသုဿန်မှာ အမေ့အုတ်ဂူနဲ့ယှဉ်လျက် မြေဝယ်ပြီးပါပြီလို့ ပြောပါ တယ်။ အဖေ့ပြာအိုးကို ဗမာပြည်ယူသွားတော့မယ့်အကြောင်း ဦးကို အကြောင်းကြားတာပါ။ အေး-ကောင်းတယ်၊ ကောင်း တယ်။ အန်တီမာမာအေးတို့၊ ဒေါက်တာအောင်ထွန်း (တင်မိုးနဲ့ရေစကြိုမှာ ကျောင်းနေဖက်သူငယ်ချင်း) တို့ကိုလဲ အအကြောင်း ကြားပါအုံးလို့ ပြောလိုက်ပါတယ်။
သူငယ်ချင်းရေ၊ မင်းကိုမင်းချစ်တဲ့ ဗမာပြည်ကို ပြန်ပို့လိုက်ပါပြီ။ မင်းပြန်ချင်လှတဲ့ဗမာပြည်မှာ ငြိမ်းချမ်းစွာ မွေ့လျော်စံ ပျော်ပါလေတော့။
မောင်စွမ်းရည်